
မကွေးတိုင်း၊ ယောဒေသက “ယောဒူဘိုင်း”လို့ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ တရားမဝင်လောင်းကစားဝိုင်းတွေကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဓားပြတိုက်ခံရမှုနဲ့ လုယက်မှုတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မတ် ၁၅ ရက် ညပိုင်းက မြစ်သာမြစ်ရဲ့အရှေ့ဘက်ကမ်းမှာရှိတဲ့ ချောင်းကောက်ကျေးရွာအပိုင် တောတိုက်ထဲမှာ တောင်ယာခြံလုပ်ကိုင်တဲ့ ဦးနိုင်မြင့်နဲ့ မိသားစုတွေ နေထိုင်နေကြတဲ့ လူနေတဲအိမ်ကို တူမီးသေနတ်နဲ့ ခါးချိုးသေနတ်လို့ ယူဆရတဲ့ သေနတ်တွေ ကိုင်ဆောင်ထားပြီး မျက်နှာကို အဝတ်တွေ စည်းထားကြတဲ့ လူ ၃ ယောက်က ဝင်ရောက်ဓားပြတိုက်ခဲ့လို့ ရွှေဆွဲကြိုး ၃ ကုံး၊ ရွှေနားကပ် ၂ ရန်၊ ငွေသားတွေနဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့ ပါသွားသေးတယ်လို့ ဒေသခံက ပြောတယ်။
အလားတူ မတ် ၁၃ ရက် ည ၈ နာရီလောက်မှာလည်း မြစ်သာမြစ်ရဲ့ အနောက်ဘက်ကမ်းမှာ လုယက်မှုတခု ဖြစ်ပွားခဲ့ပါတယ်။
ဒေသခံတယောက်က “ကျနော် သိရသလောက်ပေါ့နော် အခုလ ၁၃ ရက်နေ့ ည ၈ နာရီလောက်မှာ အဲဒီ တရားမဝင်လောင်းကစားဝိုင်းတွေရှိတဲ့ မြစ်သာမြစ်ရဲ့ အနောက်ဘက်ကမ်း နှမ်းခါးရွာနဲ့ မွေ့လယ်ရွာကြားမှာ အမျိုးသားတယောက် ရိုက်နှက်လုယက်ခံရလို့ သူ့ကိုယ်မှာ ဝတ်ထားတဲ့ ရွှေထည်တချို့အပြင် ငွေသားတွေလည်း ပါသွားတယ်။ ရိုက်နှက်ခံရတဲ့အတွက်လည်း ဒဏ်ရာ ပြင်းပြင်ထန်ထန်ရလို့ ဆေးဝါးကုသမှုခံယူနေရတယ်” လို့ ပြောပါတယ်။
အဆိုပါ ဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး ဒေသခံတွေဘက်က သက်ဆိုင်ရာနယ်မြေခံ တပ်ရင်းတပ်ဖွဲ့တွေဆီကို တိုင်ကြားထားပါတယ်။
ဂန့်ဂေါခရိုင်စစ်ဌာနရဲ့ တာဝန်ရှိသူတယောက်က “လက်နက်ပြပြီး ခြိမ်းခြောက်တဲ့ ဓားပြတိုက်မှုလို ဖြစ်စဥ်မျိုးကတော့ ဦးနိုင်မြင့်အိမ်က ပထမဆုံးဖြစ်တာပါ။ လုယက်မှုတွေကတော့ အဲဒီတရားမဝင် လောင်းကစားဝိုင်းတွေနဲ့ နီးကပ်ပြီး ဆက်စပ်မှုရှိတဲ့ နေရာတွေမှာ မကြာခဏဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလိုဖြစ်စဥ်တွေဟာ မူးယစ်ဆေး တရားမဝင်ရောင်းချ သုံးစွဲကြတာတွေနဲ့ တရားမဝင် လောင်းကစားဝိုင်းတွေကြောင့် ဖြစ်ရတယ်ဆိုတာလည်း သိရှိထားပြီးပါပြီ။ အဲဒါကြောင့် အဲဒီနယ်မြေတွေမှာရှိတဲ့ တပ်ရင်းတွေပေါင်းပြီး မူးယစ်ဆေးဝါးနဲ့ တရားမဝင် လောင်းကစားဝိုင်းတွေကို ဖမ်းဆီးထိန်းသိမ်းသွားဖို့ ပြီးခဲ့တဲ့ရက်က သတိပေးစာ ထုတ်ပြန်ထားခဲ့ပါတယ်” လို့ ပြောပါတယ်။
မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေနဲ့ တရားမဝင်လောင်းကစားဝိုင်းတွေမှာ ပါဝင်သူတွေ၊ လုယက်မှုတွေနဲ့ ဓားပြတိုက်မှုတွေမှာ ပါဝင်ခဲ့ကြတဲ့ တရားခံတွေကိုပါ ဖမ်းဆီးအရေးယူနိုင်ဖို့ ကြိုးစားဆောင်ရွက်နေပြီး ဂန့်ဂေါဒေသခံပြည်သူတွေအနေနဲ့လည်း ဒီအမှုတွေမှာ မပါဝင်ကြဖို့နဲ့ တရားမဝင်လုပ်ရပ်တွေကို သိရှိတာရှိရင် သတင်းပေးပို့ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့က တိုက်တွန်းပါတယ်။
ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ရှိကြတဲ့ ရဲလှ၊ ရေရှင်မ၊ မွှေ့လယ်နဲ့ နှမ်းခါးရွာတွေမှာ တရားမဝင် လောင်းကစားဝိုင်းတွေနဲ့ စည်ကားနေကြတဲ့အပြင် မူးယစ်ဆေးဝါး ပေါ်ပေါ်တင်တင် ရောင်းဝယ်သုံးစွဲနေကြတာကြောင့် “ယောဒူဘိုင်း” လို့ နာမည်ဆိုးနဲ့ ကျော်ကြားနေရာတွေ ဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။










