
CEIR စနစ်မှာ ဂဏန်း ၁၅ လုံး ပါတဲ့ မိုဘိုင်းဖုန်းရဲ့ မူရင်းအမှတ်အသား (IMEI) နံပါတ်ရိုက်ထည့်ပြီး မှတ်ပုံတင်ဖို့ စစ်ကောင်စီ သတ်မှတ်ပေးထားတဲ့နောက်ဆုံးရက်က ဒီကနေ့ မတ် ၃၁ ရက် ဖြစ်ပါတယ်။
မတ် ၅ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံအတွင်းက ဖုန်းကိုင်ဆောင်သူအားလုံး CEIR စနစ်ထဲ မှတ်ပုံတင်ဖို့ လိုအပ်တယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် ပြည်သူတွေက အွန်လိုင်းကနေ e SIM ပြောင်းတာတွေ ပြုလုပ်ခဲ့ပြီး နည်းပညာ မကျွမ်းကျင်သူတွေကတော့ ဖုန်းဆိုင်တွေမှာ တန်းစီဝယ်ယူနေကြတာ ဖြစ်ပါတယ်၊
ဖုန်းဆိုင်တွေနဲ့ ဈေးဝယ်စင်တာတွေရဲ့ မိုဘိုင်းဖုန်းအရောင်းကောင်တာတွေမှာ တန်းစီဝယ်ယူနေကြ တပတ်ကျော် ကြာနေပြီ ဖြစ်ကြောင်းလည်း သိရပါတယ်
ဖုန်းဆိုင်ဝန်ထမ်းတယောက်က “ဟုတ်တယ် အများစုက ဖုန်းဝယ်ပြီး မှတ်ပုံတင်ထား မထား မစစ်တတ်တာ။ ဘယ်လို ဘယ်ဟာ လုပ်ရမယ်ဆိုတာ မသိတော့ ဖုန်းဆိုင်ပဲ လာတာပေါ့။ တန်းစီနေတာလား တပတ်ကျော်ပြီ ပေါ့ ဒီနေ့ကတော့ နောက်ဆုံးရက်ဆိုတော့ တိုးကြိတ်နေတာပဲ” လို့ ပြောပါတယ်၊
တချို့မိုဘိုင်းဖုန်းဆိုင်တွေကတော့ ဆိုင်မှာ ဝယ်ယူထားတဲ့ဖုန်းတွေအနေနဲ့ ဧပြီ ၁ ရက် နောက်ပိုင်း အသုံးမပြုနိုင်မှာစိုးတဲ့အတွက် CEIR စနစ်မှာ မှတ်ပုံတင်တာ လုပ်ထား မထား စစ်ဆေးပေးတာနဲ့ ကိုယ်တိုင် မလုပ်ဆောင်တတ်ရင် ဆိုင်တွေမှာ အခမဲ့ ဝန်ဆောင်မှုပေးနေကြောင်း ကြေညာနေတာ လည်းရှိပါတယ်၊
CEIR စနစ်ထဲ မှတ်ပုံတင်တာကိုတော့ မတ် ၃၁ ရက်ထိ အခမဲ့ မှတ်ပုံတင်နိုင်မှာဖြစ်ပြီး ရုတ်တရက် ဖုန်းတွေ ပိတ်လိုက်တာမျိုးလုပ်ဆောင်ဦးမှာ မဟုတ်ပေမဲ့ ဧပြီတရက်ကနေ ဧပြီလကုန်အထိ ဒဏ်ကြေးပေးဆောင်ကာ ယာယီအသုံးပြုခွင့် ပေးထားမှာလည်းဖြစ်ပါတယ်၊
ကိုယ့်ရဲ့ ဖုန်းက CEIR စနစ် မှတ်ပုံတင်ထား မထား သိရှိလိုရင် အင်တာနက်ဝက်ဆိုက် https://www.ceir.gov.mm မှာ IMEI နံပါတ်ထည့်သွင်းကာ စစ်ဆေးကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်










