
ကမ္ဘာ့အပူဆုံးမြို့တွေထဲမှာ ဧပြီ ၁ ရက် ဒီနေ့ မြန်မာနိုင်ငံက မြို့ ၈ မြို့ ပါဝင်လာပြီး မကွေးတိုင်း၊ မင်းဘူးမြို့ကတော့ ၂ ရက်ဆက်တိုက် ကမ္ဘာ့အပူဆုံးမြို့အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ကမ္ဘာတဝန်းလုံးရဲ့ မိုးလေဝသအခြေအနေတွေကို အသေးစိတ်ဖော်ပြပေးနေတဲ့ အမေရိကန်အခြေစိုက် Eldorado Weather ဝက်ဘ်ဆိုက်ရဲ့ အပူဆုံး ၁၅ မြို့စာရင်းမှာ ဧပြီ ၁ ရက် နေ့လယ်ပိုင်းက မြန်မာနိုင်ငံရဲ့ မြို့ ၈ မြို့ ပါဝင်နေတာပါ။
မွန်းလွဲ ၁၂ နာရီခွဲအချိန်မှာ မင်းဘူးမြို့က အပူချိန် ၄၃ ဒီဂရီ စင်တီဂရိတ်နဲ့ နံပါတ် ၁ နေရာမှာ ရှိပြီး မနေ့ ညပိုင်းကလည်း ဒီအပူချိန်ရှိနေခဲ့တာပါ။
ဒုတိယနေရာမှာတော့ တောင်အာဖရိကနိုင်ငံ၊ ဖီအိုးလ်စ်ဒရစ်ဖ်မြို့က အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်နဲ့ ရှိနေပါတယ်။
ပြီးတော့ မကွေးမြို့က နံပါတ် ၃၊ ချောက်မြို့က နံပါတ် ၄၊ တောင်ငူမြို့က နံပါတ် ၅၊ ပြည်မြို့က နံပါတ် ၇၊ ဟင်္သာတမြို့က နံပါတ်၁၃၊ ဘားအံမြို့က နံပါတ် ၁၄၊ မိတ္ထီလာမြို့က နံပါတ် ၁၅ နေရာမှာရှိပြီး အပူဆုံးမြို့စာရင်းရဲ့ အများစုကို နေရာယူထားပါတယ်။
မိုးလေဝသပညာရှင် ဦးဝင်းနိုင်ရဲ့ မှတ်တမ်းအရ မွန်းလွဲ ၁ နာရီခွဲမှာလည်း အပူဆုံးမြို့စာရင်းဟာ အဲဒီအတိုင်းရှိနေပြီး ဒါဟာ မတ် ၃၁ ရက်ကထက် မြန်မာနိုင်ငံက ၃ မြို့ ပိုလာတာ ဖြစ်ပါတယ်။
မနေ့ည ၁၀ နာရီခွဲမှာ မကွေးတိုင်း၊ မင်းဘူးမြို့ဟာ ၄၃ ဒီဂရီစင်တီဂရိတ်နဲ့ ကမ္ဘာမှာ အပူဆုံးမြို့ ဖြစ်လာပြီး ဒုတိယနေရာမှာရှိခဲ့တဲ့ အိုမန်နိုင်ငံ၊ ကာလ်ဟတ်မြို့ကတော့ ဒီနေ့ စာရင်းမှာ မပါတော့ပါဘူး။
ချောက်မြို့ဟာ မနှစ်က ဧပြီလမှာ အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်နဲ့ ကမ္ဘာ့အပူဆုံးမြို့ဖြစ်ခဲ့သလို ၂၀၂၃ ခုနှစ်၊ ဧပြီလကလည်း ၄၅ ဒီဂရီစင်တီဂရိတ်နဲ့ ကမ္ဘာ့အပူဆုံးမြို့ ဖြစ်ခဲ့ပါတယ်။











