
ရန်ကုန်-ပုသိမ်လမ်းနဲ့ မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ကားမှောက်တာကြောင့် အမျိုးသား ၂ ယောက် သေဆုံးခဲ့ပါတယ်။
ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်း၊ လှိုင်းတာကျေးရွာနားက မိုင်တိုင် အမှတ် ၅၄/၇ နဲ့ ၅၅/၀ ကြားမှာ ဧပြီ ၄ ရက် ဒီမနက် ၅ နာရီကျော်ကျော်လောက်က ကုန်ကား မှောက်ခဲ့တာကြောင့် သက်လတ်ပိုင်းအရွယ် ယာဉ်မောင်းတယောက် သေဆုံးခဲ့တာလို့ ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်ပေးသူတွေဆီက သိရပါတယ်။
ကူညီဆောင်ရွက်ပေးခဲ့သူတယောက်က “ကုန်ကားက မောင်းလာရင်း အရှိန်လွန်တိမ်းမှောက်တာ။ သေဆုံးသူက ကုန်ကားမောင်းသူပါ။ ယာဉ်မောင်းရဲ့ဇာတိနဲ့ အခြားအချက်အလက်တွေကို ရဲတွေနဲ့ ပရဟိတ အဖွဲ့တွေက စစ်ဆေးနေပါတယ်” လို့ပြောပါတယ်။
မကွေးတိုင်း၊ နတ်မောက်မြို့နယ်တော့ ဧပြီ ၂ ရက်၊ ည ၈ နာရီကျော်က မောင်းလာတဲ့ အိမ်စီးကား ၁ စီး မီးလောင်ပြီး လူတယောက်သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးတဲ့ သူတွေဆီ ကနေ သိရပါတယ်။
နတ်မောက်မြို့အထွက်လမ်းမှာ မောင်းလာတဲ့ကား အရှိန်လွန်တိမ်းမှောက်ခဲ့ပြီး ဘက်ထရီရှော့ဖြစ် မီးလောင်ခဲ့သလို ကားထဲပါလာတဲ့အမျိုးသားတယောက်သေဆုံးခဲ့တာလို့သိရပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့သူတယောက် “ကားမောင်းလာတဲ့ အမျိုးသား မီးလောင်ပြီး သေဆုံးခဲ့တာ လို့သိရတယ်။ ကားကို တယောက်တည်းမောင်းလာတာ၊ အရှိန်ပါတော့ မှောက်ပြီး ကားဘက္ထရီရှော့ခ်ဖြစ်လောင် သွားတာ” လို့ ပြောပါတယ်။
ကားမီးလောင်တဲ့နေရာကို နတ်မောက်မြို့၊ ရွာမွန် နယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီးနဲ့ အတူ မီးသတ်တပ်ဖွဲ့ဝင်တွေ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ည ၈ နာရီ မိနစ် ၄၀ အချိန်မှာ မီးငြိမ်း သွားပါတယ်။
သေဆုံးသူ အမျိုးသားရုပ်အလောင်းကိုတော့ စိတ်ဓာတ်ဖြူစင် ဂရုဏာရှင်အသင်းကားနဲ့ နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံဆီကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။











