
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဘဏ်စနစ်တွေ ပြန်လည်လည်ပတ်နိုင်ဖို့ မြို့နယ် ၃ ခုစာအတွက် ဘဏ်ဝန်ထမ်းတွေကို စတင် ခေါ်ယူနေပြီလို့ ULA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်က ထိန်းချုပ်မြို့နယ်တွေမှာ ကိုယ်ပိုင်ဘဏ်စနစ်တွေ လည်ပတ်နိုင်ဖို့အတွက် အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဝန်ထမ်းရွေးချယ်ခန့်အပ်ရေး ကော်မရှင်က မြို့နယ် တာဝန်ခံ ၃ ယောက်၊ လက်ထောက်မြို့နယ်တာဝန်ခံ ၃ ယောက်နဲ့ ဈေးကွက်ရေးရာ ဝန်ထမ်း အယောက် ၂၀ တို့ကို စတင်ခေါ်ယူနေတာလည်း ဖြစ်ပါတယ်။
ULA/AA နဲ့ နီးစပ်သူ အမျိုးသားတယောက်က “ဘဏ်စနစ်တွေ ပြန်လည် လည်ပတ်နိုင်ဖို့ ကျွမ်းကျင်ဝန်ထမ်းတွေ စတင်ခေါ်ယူနေတာတွေ ရှိပါတယ်။ ပထမဆုံးတော့ မြို့နယ် ၃ ခုမှာ စတင်ဖွင့်လှစ်ဖို့ စီစဉ်နေကြတာတွေ ရှိတယ်လို့ သိထားရတယ်။ အစိုးရဘဏ်ပုံစံမျိုး သွားမယ်လို့ နားလည်ရတယ်။ ပုဂ္ဂလိကဘဏ်တော့ မဟုတ်သေးဘူး။ ဘယ်ငွေကြေးနဲ့ ဘယ်လိုစနစ်မျိုးကို သုံးစွဲသွားမယ် ဆိုတာတော့ ကျနော်တို့ ပြောလို့မရသေးပါဘူး” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက ဘဏ်စနစ်တွေ ပြိုလဲခဲ့တာဖြစ်ပြီး စစ်အာဏာရှင်တပ် ထိန်းချုပ်မြို့နယ် အနည်းငယ်မှာသာ စီးပွားရေးဘဏ် တခုသာ လည်ပတ်နိုင်တော့တာ ဖြစ်ပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မှာ ဘဏ်တွေမရှိတော့တာကြောင့် ငွေလွှဲ၊ ငွေထုတ်တွေကို အေးဂျင့်ဆိုင်တွေက တဆင့် ရာခိုင်နှုန်း အများအပြားပေးပြီး အလွှဲ၊ အထုတ်တွေ ပြုလုပ်နေကြရတာလည်း ဖြစ်ပါတယ်။
အာရက္ခတပ်တော်ဘက်က ဘဏ်စနစ် စတင်ဖွင့်လှစ်မှုတွေ ပြုလုပ်လာမှာကို ကြိုဆိုရမှာဖြစ်ပြီး ငွေကြေးစီးဆင်းမှုအတွက် စနစ်တကျ ဖြစ်လာနိုင်တယ်လို့ အိန္ဒိယက ကုန်စည်တင်သွင်းမှုတွေ ပြုလုပ်နေတဲ့ ရခိုင်ကုန်သည်တယောက်က ပြောပါတယ်။
“ရခိုင်ပြည်မှာ ဘဏ်တွေ ပြန်လည်ဖွင့်လှစ်မယ်ဆိုတော့ ကျနော်တို့က ကြိုဆိုရမှာ။ အခုက ငွေလွှဲ၊ ငွေထုတ်တွေကို အေးဂျင့်တွေဆီကတဆင့် ရာခိုင်နှုန်းတွေ ပေးပြီး လုပ်နေကြရတာ။ ဘဏ်စနစ်တွေ ပုံမှန်လည်ပတ်လာရင်တော့ စနစ်ကျတဲ့ ငွေကြေးစီးဆင်းမှုမျိုး ဖြစ်လာမှာပါ။”
စစ်ရေးပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်မှာ ဘဏ်တွေပိတ်ထားကြရလို့ ရခိုင်ပြည်အတွက် လိုအပ်တဲ့ ငွေသားတွေကို ရန်ကုန်ဘက်ကတဆင့် မှောင်ခိုတင်သွင်းပြီး ရခိုင်ပြည်နယ်အတွင်း ကုန်သွယ် ရောင်းဝယ် ဖောက်ကားမှုတွေ ပြုလုပ်နေကြရတာလို့ ကုန်သည်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်ဟာ လက်ရှိမှာ အိန္ဒိယနဲ့ ကုန်သွယ်မှု အဓိက ပြုလုပ်နေရတာဖြစ်တာကြောင့် အာရက္ခ ပြည်သူ့အစိုးရဘက်က ပြန်လည်စတင်မဲ့ ဘဏ်လုပ်ငန်းတွေမှာ အိန္ဒိယ ရူပီးငွေကို အသုံးပြုတာမျိုး ပြုလုပ်လာနိုင်သလို မြန်မာကျပ်ငွေကိုပဲ ဆက်လုပ်သုံးစွဲတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ရခိုင်က စီးပွားရေးလုပ်ငန်းရှင်တွေအကြား ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။
အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရက အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို တဆင့်ချင်း မြှင့်တင်လုပ်ဆောင်လာနေတာလည်း ဖြစ်ပါတယ်။











