
သဖန်းဆိပ်ဆည်ရေ လွှတ်ချမှုကြောင့် သြဂုတ် ၆ ရက် နေ့လယ် ၁ နာရီက ဒီပဲယင်းမြို့နယ် ချောင်းရိုးကျေးရွာမှာ လုပ်ငန်းခွင်က ပြန်လာတဲ့ ကောက်စိုက်သမ ၆ ယောက် ရေစီးနဲ့အတူ မျောပါ သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ နေ့လယ် ၁ နာရီက ဒီပဲယင်းမြို့နယ် အင်ဘုတ်ကျေးရွာအုပ်စု ချောင်းရိုးကျေးရွာ မြောက်ဘက်မှာ လုပ်ငန်းခွင်ကပြန်လာတဲ့ ကောက်စိုက်သမ ၁၀ ယောက် ချောင်းဖြတ်ကူးစဥ် ရေစီးနဲ့အတူ မျောပါပြီး ၆ ယောက် သေဆုံးခဲ့တာလို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“သဖန်းဆိပ်ဆည်က ရေတံခါးဖွင့်ပြီး ရေလွှတ်ချလို့ ရေတွေကြီးပြီး မနေ့က ချောင်းရိုးမှာ ကောက်စိုက်ပြီးပြန်လာတဲ့ အမျိုးသမီး ၁၀ ယောက် ရေစီးနဲ့ပါသွားတယ်။ ၄ ယောက်ပဲ အသက်ရှင်တယ်၊ ၆ ယောက်သေတယ်။ ဆည်က လွှတ်ချလိုက်တဲ့ရေကြောင့် မူးမြစ်အောက်ပိုင်းရွာတွေလည်း ရေဘေးသင့်နေတယ်။”
သေဆုံးသွားတဲ့ ကောက်စိုက်သမ ၆ ယောက်ဟာ ဒီပဲယင်းမြို့နယ် အင်ဘုတ်ကျေးရွာအုပ်စုမှာ နေထိုင်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
တန့်ဆည်မြို့နယ်အတွင်းမှာလည်း မူးမြစ်ရေလျှံတာကြောင့် မူးခွ၊ ရွှေလှံ၊ သာစည်ကုန်း၊ ငတန်း၊ ရသစ်၊ ဉာဏ်သစ်၊ အောင်သုခ၊ ကပျူ၊ သာခေါင်ကြီးနဲ့ ဝက်သိုးကျေးရွာတွေက အိမ်ခြေရာနဲ့ချီ ရေဘေးလွတ်ရာ ရွှေ့ပြောင်းနေရတယ်လို့ တန့်ဆည်မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“မူးမြစ်နဲ့ စည်တုံလုံးချောင်းက ရေတွေက ရွာအတော်များများကို ဝင်နေတာ။ မူးခွ၊ ရွှေလှံ သာစည်ကုန်းရွာတွေ ဘေးလွတ်ရာ ရွှေ့ကုန်ပြီ။ ကပျူ၊ သာခေါင်ကြီး၊ ဝက်သိုးနဲ့ ရသစ်ရွာဘက်မှာလည်း ရေတက်နေတယ်။”
မူးမြစ်ဟာ ကန့်ဘလူမြို့နယ်နဲ့ပါ ဆက်စပ်နေတာကြောင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ကံရိုး၊ မိုးကောင်း၊ မူးကျင်းစု အပါအဝင် မူးမြစ်တလျှောက်မှာရှိတဲ့ ကျေးရွာအများစု ရေဘေးသင့်နေတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၃၁ ရက်က စတင်ကာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ ကျိုးပေါက်ကာ လူဦးရေ ၃ သောင်းကျော် ရေဘေးသင့်ခဲ့သလို ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းက ဟိုပုံး၊ လားရှိုး၊ သီပေါနဲ့ မန္တလေးတိုင်းက မိုးကုတ်၊ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တို့မှာလည်း ရေကြီးရေလျှံနေပါတယ်။










