
ရန်ကုန်မြို့ရှိ ဆွီဒင်သံရုံး ရုံးခွဲကို အပြီးပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဩဂုတ် ၇ ရက်မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်နိုင်ငံနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေအားလုံးကို ဘန်ကောက်မြို့ရှိ ဆွီဒင်သံရုံးကနေ တာဝန်ယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒါ့အပြင် ရန်ကုန်သံရုံးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကိုပါ အပြီးပိတ်သိမ်းလိုက်ပြီး ဘန်ကောက် ဆွီဒင်သံရုံးရဲ့ ဝဘ်ဆိုက်နဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေကနေတဆင့် ဆက်သွယ်နိုင်ကြောင်း အသိပေးထားပါတယ်။
ဆွီဒင်နိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့ရေး အစီအစဉ်တွေကို ရပ်ဆိုင်းဖို့ ပြင်ဆင်နေပြီး လူသားစာနာအကူအညီတချို့ကိုသာ ဆက်လက်ပေးသွားဖို့ စီစဉ်နေပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပနိုင်ငံသံရုံးတွေ ဖြစ်တဲ့ ဖင်လန်၊ ဒိန်းမတ်နဲ့ နယ်သာလန် သံရုံးတွေဟာလည်း ၂၀၂၆ ခုနှစ်အတွင်း အပြီးသတ်ပိတ်သိမ်းတော့ဖြစ်ကြောင်း ကြိုတင်ကြေညာခဲ့ပြီးနောက် ပထဆုံးအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံရုံးက ဖေဖော်ဝါရီ ၂၈ ရက်မှာ ပိတ်သိမ်းခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေးအခြေအနေ ဆိုးရွားလာမှုနဲ့ သံတမန်ရေး ပူးပေါင်းဆောင်ရွက်မှု အကန့်အသတ်ရှိ မှုတွေကြောင့် ဥရောပနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံက စွန့်ခွာပြီး တခြားနိုင်ငံတွေဆီ ရွေ့ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ဝေဖန်ပြောဆိုနေကြကာပါ။
မြန်မာနိုင်ငံမှာဖွင့်လှစ်ထားတဲ့ ဥရောပသံရုံးတွေ ပိတ်ရင် ဗီဇာကိစ္စမှာ ကြီးမားတဲ့ သက်ရောက်မှု မရှိပေမဲ့ မြန်မာလူငယ်တွေအတွက် ပညာရေးနဲ့ပတ်သက်တဲ့ အခွင့်အလမ်း၊ အချိတ်အဆက်တွေ ဆုံးရှုံးသွားနိုင်တယ်လို့ သုံးသပ်မှုတွေလည်းရှိပါတယ်။










