
ဒီနှစ် ဇန်နဝါရီ ၁ ရက်ကနေ မေ ၅ ရက်အထိ ၄ လကျော်အတွင်း မြန်မာနိုင်ငံတဝန်း စစ်အာဏာရှင်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၁၇၄ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေထဲမှာ ၁၈ နှစ်အောက် မိန်းကလေး ၃၆ ယောက် ပါဝင်ပြီး၊ စစ်ကိုင်းတိုင်းက ၄၂ ယောက်နဲ့ အများဆုံးဖြစ်ကာ ပဲခူးတိုင်းက ၄၀ ယောက်နဲ့ ဒုတိယအများဆုံး ဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီသေဆုံးမှုတွေထဲက ၁၂၂ ယောက်ဟာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတာပါ။
ဧပြီ ၂၄ ရက်ကလည်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် လယ်မူသောရွာကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲခဲ့လို့ အသက် ၁၅ နှစ်အရွယ် နော်အယ်တူလိုမူး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဒီ ၅ လတာအတွင်း နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီး ရန်ကုန်၊ ဧရာဝတီနဲ့ ရှမ်းပြည်နယ်တို့က အမျိုးသမီး ၄ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။










