DVB Logo
Home
မြန်မာသတင်း
အမေရိကန်နှင့် မြန်မာစစ်အာဏာရှင်တို့ ဂျပန်နိုင်ငံတွင် ဆွေးနွေးဟု သတင်းထွက်ပေါ် 
DVB
·
October 16, 2026
Photo: US Embassy
Photo: US Embassy
Donate to DVB

အမေရိကန်နဲ့ မြန်မာစစ်အာဏာရှင်အစိုးရတို့အကြား ပြီးခဲ့တဲ့ သီတင်းပတ်က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကိစ္စကို သိရှိသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

အမေရိကန်အစိုးရဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီးမှာ ဆက်ဆံရေးမလုပ်ဘဲ ဖယ်ကြဉ်ထားခဲ့တဲ့ မြန်မာစစ်အာဏာရှင်နဲ့ ပြန်လည် ထိတွေ့ဆက်ဆံမှုတွေကို တိုးမြှင့် လုပ်ဆောင်လာနေတာဖြစ်ပြီး ဒါဟာ တလအတွင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလလယ်ပိုင်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ပထမအကြိမ် ဆွေးနွေးပွဲမှာတော့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တယောက် လွတ်မြောက်ရေးနဲ့ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထား လိမ်လည်နေတဲ့ ကျားဖြန့်စခန်းတွေ ပိတ်သိမ်းရေးကို အဓိကထား ဆွေးနွေးခဲ့ကြတာပါ။

ဒါပေမဲ့ ဒီတွေ့ဆုံမှုဟာ မြန်မာနိုင်ငံရဲ့ ရှားပါးမြေရှားသတ္တုသိုက်တွေအရေး အပါအဝင် ပိုမိုကျယ်ပြန့်တဲ့ ဆွေးနွေးမှုတွေဆီကို လမ်းခင်းပေးနိုင်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့သီတင်းပတ်က တိုကျိုဆွေးနွေးပွဲမှာ နှစ်ဖက်အကြား ဘာတွေ အသေးစိတ် ဆွေးနွေးခဲ့ကြလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ဒီအကြောင်းကို ရိုက်တာသတင်းဌာနကို အတည်ပြုပြောပြခဲ့တဲ့ အမေရိကန်အရာရှိတယောက် အပါအဝင် သတင်းရင်းမြစ် ၃ ယောက်ကတော့ ဆွေးနွေးပွဲရဲ့ ထိရှလွယ်တဲ့ သဘောသဘာဝကြောင့် အမည်မဖော်ပြဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီ တိုကျိုဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗန့်စ်ကပဲ ထပ်မံ ဦးဆောင်ခဲ့ပြီး အမေရိကန်အရာရှိ ၁၀ ယောက်ထက်မနည်း ပါဝင်ခဲ့တယ်လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

မြန်မာအာဏာရှင်ဘက်က ဘယ်သူတွေ ကိုယ်စားပြု တက်ရောက်ခဲ့လဲ ဆိုတာကိုတော့ ရိုက်တာအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ဒီနောက်ဆုံး ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ပြန်လည်မဖြေကြားခဲ့ပေမဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံးနဲ့ ထိတွေ့ဆက်ဆံနေတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို တုံ့ပြန်ခြင်း မရှိပါဘူး။

အခုလို ဆွေးနွေးပွဲကို လက်ခံကျင်းပပေးတဲ့နေရာမှာ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာတော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက အီးမေးလ်ကနေတဆင့် ထုတ်ပြန်ချက် ပေးပို့ခဲ့ပါတယ်။

အဲဒီထဲမှာ နှစ်ဖက်စလုံးနဲ့ လိုအပ်သလို ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပေမဲ့ သီးခြား သံတမန်ရေးရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

စက်တင်ဘာလတုန်းက နေပြည်တော်မှာ မိုက်ကယ်ဗန့်စ်နဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တာဟာ ပိုမိုကျယ်ပြန့်တဲ့ ဆွေးနွေးမှုတွေအတွက် လမ်းစပွင့်စေခဲ့တယ်လို့ အဲဒီဆွေးနွေးပွဲအကြောင်း သိသူတွေက ပြောပြဖူးပါတယ်။

အခုလို တိုကျိုမြို့မှာ ချက်ချင်းဆိုသလို ဆွေးနွေးပွဲစားပွဲဝိုင်းဆီ ပြန်လည်ရောက်ရှိလာတာက နှစ်ဖက်စလုံးအနေနဲ့ ဒီဆွေးနွေးမှုကို ဆက်လက်ထိန်းသိမ်းထားချင်တဲ့ စိတ်အားထက်သန်မှု ရှိနေတာကို ပြသနေပါတယ်။

အမေရိကန်ဘက်က အဓိက တွန်းအားပေးနေတာကတော့ အချစ်ရေးအကြောင်းပြ လိမ်လည်မှုတွေနဲ့ တခြားလိမ်လည်မှုတွေကြောင့် အမေရိကန်နိုင်ငံသားတွေဆီကနေ ဒေါ်လာဘီလီယံနဲ့ချီ ဆုံးရှုံးနေရတဲ့ ကျားဖြန့်စခန်းတွေကို ပိတ်သိမ်းရာမှာ မြန်မာဘက်က အကူအညီပေးဖို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ သုတေသီတွေကတော့ ကျားဖြန့်လုပ်ငန်း အများစုဟာ စစ်တပ်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ရှိနေပြီး ရလာတဲ့ အမြတ်ငွေအချို့က စစ်တပ်ဆီ စီးဝင်နေတာကြောင့် စစ်ခေါင်းဆောင်တွေအနေနဲ့ ဒီလုပ်ငန်းတွေကို တကယ်တမ်း နှိမ်နင်းချင်စိတ် ရှိ၊ မရှိ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ထောက်ပြကြပါတယ်။

စစ်အာဏာရှင်ဘက်ကတော့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူ ကျားဖြန့်စခန်းတွေကို နှိမ်နင်းနေပါတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အမေရိကန်အရာရှိတွေဟာ လျှပ်စစ်ကားတွေကနေ လေအားလျှပ်စစ် တာဘိုင်တွေအထိ အသုံးပြုတဲ့ မြန်မာနိုင်ငံက ကြီးမားတဲ့ မြေရှားသတ္တုသိုက်တွေကို ရယူသုံးစွဲနိုင်ရေး အခွင့်အလမ်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒါပေမဲ့လည်း အဓိက အဟန့်အတားတွေ ရှိနေတယ်လို့ အမေရိကန်အရာရှိတွေက ဝန်ခံထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီသတ္တုသိုက်တွေဟာ စစ်အာဏာရှင်ကို တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ရာနယ်မြေမှာ အများစု ရှိနေသလို မြန်မာ့မြေရှားသတ္တုရဲ့ အဓိက ဝယ်လက်ဖြစ်တဲ့ တရုတ်နိုင်ငံကလည်း အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုကို ဟန့်တားပိတ်ပင်နိုင်ခြေ ရှိနေလို့ပါပဲ။

ပြီးခဲ့တဲ့သီတင်းပတ်ကပဲ အမေရိကန်အစိုးရဟာ စစ်တပ်ကို ထောက်ပံ့တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တယောက်ရဲ့ သမီးဖြစ်သူအပေါ် ပိတ်ဆို့အရေးယူမှု ပြန်လည် ရုပ်သိမ်းပေးခဲ့ပါတယ်။

ဒါဟာ မြန်မာနိုင်ငံအပေါ် ကျင့်သုံးမဲ့ မူဝါဒအသစ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ ဒီချဉ်းကပ်မှုဟာ မြန်မာပြည်တွင်းစစ်မှာ ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေးကို အလေးပေးတာဖြစ်ပြီး အမေရိကန်ရဲ့ အကျိုးစီးပွားတွေအတွက် သမိုင်းတလျှောက် သုံးခဲ့တဲ့ နည်းလမ်းတွေကို ပြန်လည်သုံးသပ်ဖို့ ကတိပြုထားတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်အာဏာရှင် မင်းအောင်လှိုင်ကတော့ အာဏာသိမ်းမှုမှာ ပါဝင်ခဲ့တာ၊ နောက်ပိုင်း လူထုဆန္ဒပြမှုကို ဖြိုခွဲခဲ့တာတွေအပြင် အမေရိကန်က လူမျိုးတုံးသတ်ဖြတ်မှုလို့ ကြေညာထားတဲ့ ၂၀၁၆-၂၀၁၇ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး ပြည်နှင်ဒဏ်ပေးခဲ့မှုတွေကြောင့် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုအောက်မှာ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။

သြစတြေးလျအခြေစိုက် Lowy Institute သုတေသနအဖွဲ့က အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး ဟန်တာ မားစတန် ကတော့ ဂျပန်မှာလုပ်ခဲ့တဲ့ အခုလို ဆွေးနွေးမှုတွေဟာ ထရမ့်ပ် အစိုးရအဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို “စစ်မှန်တဲ့ အပြန်အလှန် အကျိုးအမြတ်အပေါ် အခြေခံတဲ့ အမြင်နဲ့သာ” ကြည့်နေတာကို ပြသနေတယ်လို့ သုံးသပ်ပါတယ်။

“မြန်မာနိုင်ငံပိုင်ဆိုင်တဲ့ သတ္တုတွေနဲ့ မြေရှားသတ္တုတွေဟာ ဝါရှင်တန်က မြန်မာနိုင်ငံမှာ စိတ်ဝင်စားတဲ့ အဓိက မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုအဖြစ် ရှုမြင်နေကြတာပါ” လို့ သူက ပြောပါတယ်။

အမေရိကန်-မြန်မာ ဆွေးနွေးပွဲတွေမှာ အိမ်ရှင်အဖြစ် လက်ခံပေးတာထက် ပိုပြီး ဂျပန်ဘက်က ဘာတွေ အကျိုးစီးပွား ပါဝင်နေလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဇွန်လကလည်း တိုကျိုမှာ ဆွေးနွေးပွဲတွေ လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဂျပန်ဘက်ကလည်း မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ခြေလှမ်းပြင်နေတဲ့ လက္ခဏာတွေတော့ ရှိနေပါတယ်။

အောက်တိုဘာလ အစောပိုင်းမှာတုန်းက မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ယာယီသံမှူးဟာ မြန်မာစစ်အာဏာရှင်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ ဒါဟာ လူသိရှင်ကြား ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ တိုကျိုဘက်ကတော့ စစ်အာဏာရှင်အစိုးရကို တရားဝင် အသိအမှတ်ပြုထားတာတော့ မရှိသေးပါဘူး။

ဒီတွေ့ဆုံမှု မတိုင်ခင် စက်တင်ဘာလတုန်းကလည်း ဂျပန်အာဏာရပါတီ လွှတ်တော်အမတ် ဟီရိုမီချီ ဝါတာနာဘေးဟာ နေပြည်တော်ကို သွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်ဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးရေးအကူအညီတွေကို ပြန်လည်စတင်ဖို့ ရည်ရွယ်တာဖြစ်ကြောင်း စစ်အာဏာရှင်အာဘော်ရဲ့ သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ယာယီသံမှူးရဲ့ တွေ့ဆုံမှုဟာ ဂျပန်နိုင်ငံသားတွေ ကာကွယ်ရေးနဲ့ ကုမ္ပဏီတွေ ကူညီရေးအတွက် ဖြစ်တယ်လို့ ဆိုပြီး ဝါတာနာဘေးရဲ့ ခရီးစဉ်ကတော့ လွှတ်တော်အမတ်တယောက်အနေနဲ့ သွားရောက်တာဖြစ်တဲ့အတွက် ဂျပန်အစိုးရရဲ့ တရားဝင် ရပ်တည်ချက်အပေါ် ဘာမှ သက်ရောက်မှု မရှိဘူးလို့ ပြောပါတယ်။

လွှတ်တော်အမတ် ဝါတာနာဘေး ကတော့ ရိုက်တာကို ပြောရာမှာ အတားအဆီးတွေ ရှိနေသေးပေမဲ့ သူ့ရဲ့ခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်အတိုင်း ပြန်ဖြစ်လာဖို့ အခင်းအကျင်း ပြင်ဆင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ ၂၀၂၁ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကို စစ်တပ်အာဏာသိမ်းပြီး ဖြုတ်ချခဲ့တာကို ရှုတ်ချခဲ့ပေမဲ့ အမေရိကန်နဲ့ တခြား အနောက်နိုင်ငံတွေလိုမျိုး စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်နဲ့ဆက်နွှယ်တဲ့ အဖွဲ့အစည်းတွေကို ပိတ်ဆို့အရေးယူတာမျိုးမှာတော့ ပါဝင်လုပ်ဆောင်ခဲ့ခြင်း မရှိပါဘူး။

တိုကျိုဟာ အာရှရဲ့ နောက်ဆုံး ထွန်းသစ်စ ဈေးကွက်တခုမှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို တုံ့ပြန်ဖို့အတွက် မြန်မာနိုင်ငံမှာ အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေထဲက တခု ဖြစ်ခဲ့ပါတယ်။

အနောက်နိုင်ငံ ကုမ္ပဏီအများစုနဲ့ မတူဘဲနဲ့ ဂျပန်ကုမ္ပဏီအများအပြားကတော့ ၂၀၂၁ အာဏာသိမ်းပြီးနောက် မတည်ငြိမ်မှုတွေ ရှိနေပေမဲ့ ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ဂျပန်ကုန်သွယ်ရေးမြှင့်တင်ရေးအဖွဲ့ (JETRO) ရဲ့ စာရင်းတွေအရ ၂၀၂၀ ပြည့်နှစ်တုန်းက မြန်မာနိုင်ငံမှာ ဂျပန်ကုမ္ပဏီ ၄၀၀ ကျော် ရှိခဲ့ရာကနေ အခုဆိုရင် ကုမ္ပဏီ ၃၀၀ ဝန်းကျင်လောက် ဆက်လက် လည်ပတ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013