
ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်၊ မီးပြစံပြကျေးရွာမှာ မတ် ၂၃ ရက် မနက်အစောပိုင်းက လင်မယား ၂ ယောက်ကို စစ်ကောင်စီလက်အောက်ခံရဲတွေက ငွေကျပ် ၁၀,၀၀၀ တန် ငွေစက္ကူ အတု ၆၃ ရွက်နဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မီးပြစံပြကျေးရွာရှိ ဦးရှင်ကြီးပွဲဈေးတန်းမှာ ငွေစက္ကူအတုတွေနဲ့ ဈေးဝယ်နေချိန် ဒေသခံတွေရဲ့ သတင်းပေး အကြောင်းကြားမှုကြောင့် စစ်တပ်နဲ့ ရဲတွေက လာရောက်ဖမ်းဆီးခဲ့တာလို့ မြိုခံ တယောက်က DVB ကို ပြောပါတယ်။
“ပွဲဈေးတန်းမှာ ဖုန်းအဟောင်းတွေကို ၁၀,၀၀၀ တန်အတုတွေနဲ့ ဝယ်နေတုန်းက ရဲစခန်းကို အကြောင်းကြားလိုက်တာ၊ ပိုက်ဆံတိုင်းက နံပါတ်တွေ အကုန်တူနေလို့ အတုဆိုတာ ဆိုင်က သိပြီး အကြောင်းကြားလိုက်တာ။”
ဖမ်းဆီးခံရသူ ၂ ယောက်ကို စစ်ဆေးချက်အရ အဆိုပါငွေစက္ကူအတုများကို လူမှုကွန်ရက်ပေါ်ရှိ ငွေတုရောင်းဝယ်ရေး Page တခုနဲ့ ဆက်သွယ်ကာ မြောက်ဥက္ကလာပမြို့နယ်၊ မယ်လမုဘုရားအနီးက ဝယ်ယူခဲ့တာလို့ ရဲစခန်းမှာ ထွက်ဆိုထားကြောင်း အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ငွေအတုက သူတို့ ကိုယ်တိုင်လုပ်တာ မဟုတ်ဘူး။ လိုင်းပေါ်ကနေ ဆက်သွယ်ပြီး မယ်လမုဘုရားမှာ သွားဝယ်လာတာ ငွေအတု ၁၀ သိန်းကို ၄ သိန်းပေးရတယ်။ နံပါတ်တူ ၁၀,၀၀၀ တန်တွေ။”
ငွေအတု လက်ဝယ်တွေ့ရှိသူ ဦးဖိုးသိန်း၊ ဒေါ်ညွန့်မေတို့ကို ကျောက်တန်းမြို့မ ရဲစခန်းက ဗဟိုဘဏ် ပုဒ်မ ၁ဝ၅၊ ၁ဝ၆ နဲ့ အမှုဖွင့်လှစ်ထားပြီး ကွင်းအဆက်အရ ငွေတုရောင်းချသူ မြောက်ဥက္ကလာပ မြို့နယ်နေ ဒေါ်စန်းကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေတယ်လို့ ရဲသတင်း အရင်းအမြစ်တွေ ဆီက သိရပါတယ်။










