
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အမှတ် (၆) ရဲ့ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားခံတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနက ဇွန် ၂၇ ရက်စွဲနဲ့ သဘောထား ထုတ်ပြန်လာပါတယ်။
တပ်ရင်းမှူး ပုလဲမောင် ဟာ ၂၀၂၆ ခုနှစ်၊ ဇွန် ၂၆ ရက်နေ့က ယင်းမာပင်ခရိုင်စစ်ဌာန ခရိုင်ကွပ်ကဲရေးမှူး ဦးဆောင်တဲ့ အစည်းအဝေးအတွင်း မတရား လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ ရွှေဘိုခရိုင်စစ်ဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒါ့အပြင် လုပ်ကြံပစ်ခတ်သူတွေနဲ့ အပေါင်းအပါတွေဟာ သူတို့ ကျူးလွန်ထားတဲ့ အမှားကို ဖုံးကွယ်ဖို့အတွက် လုပ်ကြံဖန်တီးထားတဲ့ ဗွီဒီယိုနဲ့ အသံဖိုင်တွေကို သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေတယ်လို့ဆိုပါတယ်။
ဒါဟာ ကျဆုံးသွားတဲ့ တပ်ရင်းမှူး ပုလဲမောင်ရဲ့ တော်လှန်ရေးဂုဏ်သိက္ခာကို ညှိုးနွမ်းကျဆင်းအောင် လုပ်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီလုပ်ကြံပစ်ခတ်မှုနဲ့ သတင်းမှားဖြန့်ဝေမှုလုပ်ရပ်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ရဲ့ ဂုဏ်သိက္ခာကိုသာမက နွေဦးတော်လှန်ရေးတရပ်လုံးကိုပါ ထိခိုက်နစ်နာစေတဲ့ ‘တန်ပြန်တော်လှန်ရေးလုပ်ရပ်’ အဖြစ် သတ်မှတ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနအနေနဲ့ ကျန်ရစ်သူမိသားစုတွေနဲ့ ထပ်တူထပ်မျှ နှမြောတသ ဝမ်းနည်းရပါကြောင်းနဲ့ တပ်ရင်းမှူး ပုလဲမောင် လုပ်ကြံခံရတာမှာ နောက်ကွယ်ကနေ ကြိုးကိုင်စေခိုင်းသူတွေ၊ ပူးပေါင်းပါဝင်သူတွေနဲ့ ကိုယ်တိုင်လုပ်ကြံသူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
ဒါ့အပြင် နောက်နောင်မှာ အလားတူဖြစ်ရပ်တွေ ထပ်မဖြစ်ပွားစေရေးအတွက် ပြတ်သားတဲ့ စံပြအရေးယူမှုတွေ ပြုလုပ်သွားဖို့လည်းတောင်းဆိုထားပါတယ်။











