DVB Logo
Home
မြန်မာသတင်း
အီးယူတင်သွင်းသည့် မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း မဲခွဲဆုံးဖြတ် အတည်ပြု
DVB
·
March 23, 2019
အီးယူတင်သွင်းသည့် မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း မဲခွဲဆုံးဖြတ် အတည်ပြု
Donate to DVB

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ဥရောပ သမဂ္ဂ (အီးယူ) က လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းခဲ့ပြီး ထောက်ခံမဲ အများစုနဲ့ အတည်ပြု လိုက်ပါတယ်။

မတ်လ ၂၂ ရက်မနေ့က ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အကြိမ် ၄၀ မြောက် ပုံမှန်အစည်းအဝေးမှာ ဥရောပသမဂ္ဂ (အီးယူ)က မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက် အဆိုမူကြမ်းကို အရေးယူဆောင်ရွက်ဖို့အတွက် တင်သွင်းလိုက်တာပါ။

မြန်မာနိုင်ငံကတော့ ဆုံးဖြတ်ချက် အဆိုမူကြမ်းကို မဆုံးဖြတ်ခင်မှာ ပယ်ချခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သက်ဆိုင်ရာနိုင်ငံအနေနဲ့ မိန့်ခွန်းပြောရာမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပယ်ချရတဲ့အကြောင်း ၇ ချက်ကို ရှင်းလင်းပြောကြားပါတယ်။

ဒါဟာ တဖက်သတ် ပြောကြားတာတွေ၊ မြန်မာနိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ထားတဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ (FFM) နဲ့ အထူးအစီရင်ခံစာ တင်သွင်းသူတို့ရဲ့ မှားယွင်းချက် တွေ အများကြီးပါတဲ့ အစီရင်ခံစာတွေကို အဓိကအခြေခံထားတယ်လို့ ဆိုပါတယ်။

ပြီး ဒီမူကြမ်းဟာ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက် တခုပြီးတခု၊ ယန္တရား တခုပြီးတခုတို့နဲ့ နိုင်ငံတကာဖိအားတွေ ပိုကျရောက်စေဖို့ ရည်ရွယ်ထားပြီး အခုအခါ မြန်မာနိုင်ငံ အနေနဲ့ ကုလသမဂ္ဂ ယန္တရားအများကြီးရဲ့ စောင့်ကြည့်စစ်ဆေးတာကို ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

အဆိုမူကြမ်းဟာ အချုပ်အခြာအာဏာပိုင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ အချုပ်အခြာနဲ့ နယ်မြေတည်တံ့မှုတို့ကို လုံးဝအလေးမထားရာ ရောက်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေလို့ ခေါင်းစဉ်တပ်ထားပေမယ့် စာပိုဒ်အများစုဟာ ရခိုင်ပြည်နယ်က လူတစုရဲ့ အခွင့်အရေးအတွက်ကိုပဲ အာရုံစိုက်ထားတာကို တွေ့ရတယ်လို့လည်း ပြောပါတယ်။

အဆိုမူကြမ်းဟာ ဖြေရှင်းမှု၊ နားလည်မှုနဲ့ ပြန်လည်သင့်မြတ်မှုတို့ကို အဖြေရှာရမယ့်အစား အပြစ်ပေးဒဏ်ခတ်လိုတဲ့ အငွေ့အသက်တွေနဲ့ပဲ ပြည့်နှက်နေသလို နိုင်ငံတနိုင်ငံတည်းကို ဦးတည်တဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံက ဆန့်ကျင်ပြီး ဒီ ဆုံးဖြတ်ချက်အဆိုဟာ မြန်မာနိုင်ငံအပေါ် စည်းနှောင်မှုမရှိဘူးလို့လည်း ပြောခဲ့ပါတယ်။

ပြီးတော့ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ဆုံးဖြတ်ချက် အဆိုမူကြမ်းမှာပါတဲ့ တချို့စာပိုဒ်တွေဟာ မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ တိုးတက်တာတွေထဲက တချို့ကို အသိအမှတ်ပြု ကြိုဆိုထားတာတွေ့ရပေမယ့် နိုင်ငံရေးလှုံ့ဆော်တာတွေနဲ့ နောက်ထပ် ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ချမှတ်တာဟာ မြန်မာနိုင်ငံကို ကူညီရာ မရောက်ဘူးလို့လည်း ပြောပါတယ်။

တရုတ်နိုင်ငံ ကိုယ်စားလှယ်က  လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံရဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ဆုံးဖြတ်ချက် အဆိုမူကြမ်းကို မဲခွဲဖို့ တောင်းဆိုခဲ့ပြီး မဲခွဲရာမှာတော့ ကန့်ကွက်မဲ ၃ မဲ၊ ကြားနေမဲ ၇ မဲနဲ့ ထောက်ခံမဲ ၃၇ မဲတို့နဲ့ အတည်ပြုခဲ့ပါတယ်။

လူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်ပြီး တရုတ်၊ ကျူးဘားနဲ့ ဖိလစ်ပိုင်တို့က ကန့်ကွက်မဲ၊ အန်ဂိုလာ၊ ကင်မရွန်း၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အိန္ဒိယ၊ ဂျပန်၊ နီပေါနဲ့ ဆီနီဂေါနိုင်ငံတို့က ကြားနေမဲ ပေးခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013