
ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုဟာ အခုနှစ် ဇွန်လမှာ ကျင်းပမဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် ပေါ်တူဂီအသင်းရဲ့ ယာယီလူစာရင်းမှာ ရွေးချယ်ခံရပြီးနောက် စံချိန်တင် ၆ ကြိမ်မြောက်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ပြိုင်မဲ့ ကစားသမား ဖြစ်လာပါတယ်။
နိုင်ငံတကာပွဲစဉ် အများဆုံးကစားသမားစံချိန် ၂၂၆ ပွဲနဲ့ သွင်းဂိုးအများဆုံးစံချိန် ၁၄၃ ဂိုးတို့ကို ပိုင်ဆိုင်ထားတဲ့ အသက် ၄၁ နှစ်အရွယ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်အထိ ပါဝင်ကစားဖူးတဲ့ ကစားသမား ၆ ယောက်ထဲမှာ တယောက်အပါအဝင်လည်း ဖြစ်ပါတယ်။
ဒီကစားသမား ၆ ယောက်ထဲမှာ ပြီးခဲ့တဲ့ ၄ နှစ်က ကာတာနိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲမှာ အာဂျင်တီးနားအသင်းကို ဗိုလ်စွဲအောင် ဦးဆောင်ပေးခဲ့သူလည်းဖြစ် ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားကို ယှဉ်ပြိုင်ကစားဖို့ ပြင်ဆင်နေတဲ့ လာလီဂါပြိုင်ဘက်ဟောင်း လီယွန်နယ် မက်ဆီလည်း ပါဝင်ပါတယ်။
ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၅ ကြိမ် ဆွတ်ခူးထားသူ ရော်နယ်ဒိုဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကတည်းက ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှာ ကစားနေသူလည်းဖြစ်ပြီး အခုနှစ်ရာသီ ဆော်ဒီလိဂ်မှာ ဆုဖလားရဖို့ နီးစပ်နေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက အိုင်ယာလန်အသင်းနဲ့ ကစားခဲ့တဲ့ ပေါ်တူဂီအသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်မတိုင်မီမှာ ရော်နယ်ဒိုဟာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပေမဲ့ ၃ ပွဲပယ်ပြစ်ဒဏ်ကနေ ကင်းလွတ်ခဲ့လို့ ပေါ်တူဂီအသင်းရဲ့ အုပ်စုပွဲစဉ်အားလုံး ပါဝင်ကစားခွင့် ရရှိမှာလည်း ဖြစ်ပါတယ်။
နည်းပြ ရောဘတ်တို မာတီနက်ဇ် အနေနဲ့ ပေါ်တူဂီကို ကိုယ်စားပြုမဲ့ လက်ရွေးစင်ကစားသမား ၂၇ ယောက်အပြင် နောက်တယောက်လို့ လူစာရင်းထုတ်ပြန်ခဲ့ရာမှာ ပြီးခဲ့တဲ့ ဇူလိုင်လက မော်တော်ကား မတော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့တဲ့ လီဗာပူးတိုက်စစ်မှူးဟောင်း ဒီယိုဂို ဂျိုတာ ကိုလည်း ဂုဏ်ပြု ရည်ညွှန်း ပြောခဲ့ပါတယ်။
မာတီနက်ဇက်က “သူက ကျနော်တို့ရဲ့ ခွန်အား၊ ကျနော်တို့ရဲ့ ပျော်ရွှင်မှုပါပဲ။ ဒီယိုဂိုကို ဆုံးရှုံးလိုက်ရတာဟာ မေ့ပျောက်လို့မရတဲ့အပြင် အရမ်းကို ခက်ခဲတဲ့ အခိုက်အတန့်တခုပါ။ ဒါပေမဲ့ နောက်တနေ့မှာပဲ ဒီယိုဂိုရဲ့ အိပ်မက်တွေနဲ့ သူ ကျနော်တို့ရဲ့ လက်ရွေးစင်အသင်းမှာ အမြဲပြသခဲ့တဲ့ စံနမူနာတွေအတွက် တိုက်ပွဲဝင်ဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိလာပါတယ်။ ဒီယိုဂို ဂျိုတာရဲ့ စိတ်ဓာတ်၊ ခွန်အားနဲ့ စံနမူနာတွေဟာ အဲဒီ ‘အပြင် တဦး’ ဖြစ်ပြီး ဘယ်တော့မဆို အမြဲတမ်း အပြင် တဦး’ အဖြစ် ရှိနေမှာပါ” လို့ ပြောပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ ပေါ်တူဂီအသင်း လူစာရင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းက ပရီမီယာလိဂ် တရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံး စံချိန်တင်ဖို့ ရည်မှန်းထားတဲ့ ဘရူနို ဖာနန်ဒက်စ်လည်း ပါဝင်လာပါတယ်။
ပေါ်တူဂီအသင်းဟာ ဇွန် ၁၇ ရက်မှာ ဟူစတန်မြို့မှာ ဒီအာကွန်ဂိုအသင်းနဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ် မကစားမီ ချီလီ၊ နိုင်ဂျီးရီးယားတို့နဲ့ ခြေစမ်းပွဲတွေ ကစားဖို့ရှိပါတယ်။
ဒီနောက် ဟူစတန်မြို့မှာ ဥဇဘက်ကစ္စတန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး မိုင်ယာမီမြို့မှာ ကိုလံဘီယာအသင်းနဲ့ ကစားကာ အုပ်စု (K) ပွဲစဉ်တွေ ပြီးဆုံးမှာဖြစ်ပါတယ်။
စီရော်နယ်ဒိုဟာ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံး စတင်ကစားခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ပေါ်တူဂီအသင်းကို သမိုင်းတလျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားချန်ပီယံဆု ရရှိအောင် ကူညီပေးနိုင်ဖို့တော့ ဆက်လက်ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။
ပေါ်တူဂီအသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အမြင့်ဆုံး ဆီမီးဖိုင်နယ်အဆင့်ထိသာ ရောက်ရှိခဲ့ဖူးတာ ဖြစ်ပါတယ်။
ပေါ်တူဂီအသင်းဟာ ဂိုးသမား ၄ ယောက် အပါအဝင် ကစားသမား ၂၇ ယောက် လူစာရင်းကို ထုတ်ပြန်ထားတာမှာ ဂိုးသမားတွေကတော့ ဒီယိုဂိုကော့စတာ (ပေါ်တို)၊ ဟိုဆေးဆာ (ဝုဗ်)၊ ရူရီ ဆေးလ်ဗား (စပေါ့တင်း)၊ ရီကာဒို ဗဲလ်ဟို (ဂန်ချလာဘီလီဂီ အန်ကာရာ) တို့ ဖြစ်ပါတယ်။
နောက်တန်းကစားသမားတွေကတော့ ဒီယိုဂို ဒါလော့ (မန်ယူနိုက်တက်)၊ မားသီးယပ်စ် နူးနက်စ် (မန်စီးတီး)၊ နယ်လ်ဆင် ဆီမီဒို (ဖီနာဘာချီ)၊ ဂျိုအာအို ကန်ဆယ်လို (ဘာစီလိုနာ)၊ နူနို မန်ဒက်စ် (ပီအက်စ်ဂျီ)၊ ဂွန်ကာလို အီနာစီယို (စပေါ့တင်း)၊ ရီနာတို ဗေဂါ (ဗီလာရီးရဲလ်)၊ ရုဗင် ဒီယက်စ် (မန်စီးတီး)၊ တိုမတ်စ် အာရူဂျို (ဘန်ဖီကာ) တို့ ဖြစ်ပါတယ်။
ကွင်းလယ်ကစားသမားတွေကတော့ ရုဗင် နိဗတ်စ် (အယ်လ်ဟီလယ်)၊ ဆင်မြူရယ် ကော်စတာ (မာလော်ကာ)၊ ဂျိုအာအို ညည်းဗတ်စ် (ပီအက်စ်ဂျီ)၊ ဗီတင်ညာ (ပီအက်စ်ဂျီ)၊ ဘရူနို ဖာနန်ဒက်စ် (မန်ယူနိုက်တက်)၊ ဘာနာဒို ဆေးလ်ဗား (မန်စီးတီး) တို့ ဖြစ်ပါတယ်။
ရှေ့တန်းတိုက်စစ်မှူးတွေကတော့ ဂျိုအာအို ဖဲလစ် (အယ်နာဆာ)၊ ဖရန်စစ္စကို ထရင်ကောင် (စပေါ့တင်း)၊ ဖရန်စစ္စကို ကွန်ဆီဆာအို (ဂျူဗင်တပ်စ်)၊ ပတ်ဒရို နက်တို (ချဲလ်ဆီး)၊ ရာဖေးလ် လီယောင် (အေစီမီလန်)၊ ဂွန်ကာလို ဂီဒက်စ် (ရီးရဲလ်ဆိုစီဒက်)၊ ဂွန်ကာလို ရာမို့စ် (ပီအက်စ်ဂျီ)၊ ခရစ်စတီယာနို ရော်နယ်ဒို (အယ်နာဆာ) တို့ အသီးသီးဖြစ်ကြပါတယ်။










