DVB Logo
Home
Lead Story
မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် EU က တင်သွင်း 
DVB
·
April 1, 2026
Photo: UN Human Rights Council
Photo: UN Human Rights Council
Donate to DVB

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အဆိုပြုချက်မူကြမ်းကို ဥရောပသမဂ္ဂ(EU)က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ တင်သွင်းလိုက်ပြီး ယူကေနိုင်ငံက ထောက်ခံကြောင်း မတ် ၃၁ ရက်စွဲနဲ့ အသီးသီး ထုတ်ပြန်ကြေညာပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၅၈ ကြိမ်မြောက်ညီလာခံမှာ တင်သွင်းလိုက်တာဖြစ်ပြီး အဲဒီထဲမှာတော့ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအပေါ် အာဏာသိမ်းခဲ့ပြီး အချိန် ၅ နှစ်အကြာ မြန်မာနိုင်ငံမှာ အဆိုးဝါးဆုံးနဲ့ အပြင်းထန်ဆုံး လူ့အခွင့်အရေး အကျပ်အတည်းတွေထဲကတခုအဖြစ် တည်ရှိနေဆဲဖြစ်တယ်လို့ ဖော်ပြပါတယ်။

အမှန်စင်စစ်အားဖြင့် မြန်မာစစ်ကောင်စီဟာ အရပ်သားတွေအပေါ် အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်နေပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုလည်း ပိတ်ဆို့ဟန့်တားကာ မြန်မာနိုင်ငံကို လျင်မြန်စွာ ဆိုးဝါးလာနေတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းဆီ တွန်းပို့နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆက်လက်ဖြစ်ပွားနေတဲ့ ပြင်းထန်တဲ့ ပဋိပက္ခတွေ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ၊ အဓမ္မစစ်သားစုဆောင်းမှုတွေအပြင် မြန်မာစစ်တပ်က သူတို့ရဲ့ အာဏာချုပ်ကိုင်မှုကို လွတ်လပ် တရားမျှတမှုမရှိတဲ ရွေးကောက်ပွဲတွေကတဆင့် တရားဝင်ဖြစ်စေဖို့ ကြိုးပမ်းခဲ့တာကြောင့် ရွေးကောက်ပွဲနဲ့ ဆက်နွှယ်တဲ့ အကြမ်းဖက်မှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်အနေနဲ့ အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်တဲ့ တိုက်ခိုက်မှုတွေ၊ ဆေးဘက်ဆိုင်ရာနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးဝန်ထမ်းတွေအပေါ် ဆက်လက်တိုက်ခိုက်နေမှုတွေကို ရပ်တန့်ရမှာ ဖြစ်ကြောင်းနဲ့ ပဋိပက္ခတွင်း ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံးရဲ့ အကြမ်းဖက်မှုတွေ အားလုံး ရပ်တန့်ရမည်ဖြစ်ကြောင်းလည်း ဆုံးဖြတ်ချက်မူကြမ်းမှာ အလေးပေးဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC)၊ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) နဲ့ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်အောက်က လုပ်ငန်းစဉ်တွေက ကျူးလွန်ခံရသူတွေ၊ အသက်ရှင်ကျန်ရစ်သူတွေအတွက် မျှော်လင့်ချက်အလင်းတန်းတွေ ဖြစ်တာကြောင့် အဆိုပါ မူကြမ်းမှာ နိုင်ငံတကာ ကတိကဝတ်တွေကို လိုက်နာတာ၊ အထူးသဖြင့် စစ်တပ်ရဲ့ လက်နက်ရရှိနိုင်မှု လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ဖို့ထိ ရောက်ပြီး ရည်ရွယ်ချက်ရှိတဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ခြင်းဖြင့် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို တားဆီးနိုင်ဖို့ နိုင်ငံအသီးသီးကို တိုက်တွန်းထားခဲ့တာပါ။

ယူကေ လူ့အခွင့်အရေးဆိုင်ရာ သံအမတ်ကြီး အယ်လီနာဆန်းဒါးစ်ကတော့ ဆုံးဖြတ်ချက်မူကြမ်းကို ကြိုဆိုပြီး ဥရောပသမဂ္ဂ ဦးဆောင်မှုနဲ့ တည်ဆောက်ပုံကျတဲ့ ချဉ်းကပ်မှုအတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအကျပ်အတည်းက ယူကေရဲ့ လုပ်ငန်းစဉ်တွေထဲ အရေးအကြီးဆုံး အခြေအနေတွေထဲက တခုအဖြစ် ဆက်လက်ရှိနေကာ နိုင်ငံတကာမိသားစုအနေနဲ့ မျက်ကွယ်ပြုထားလို့ မရနိုင်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေရဲ့ အတိုင်းအတာတခုလုံးကို ဒီဆုံးဖြတ်ချက်မှာ မှန်ကန်စွာ မှတ်တမ်းတင်ထားသလို နိုင်ငံ အစိတ်အပိုင်းအတော်များများနဲ့ အဓိကနိုင်ငံရေးသမား အများအပြားကို ဖယ်ထုတ်ထားပြီး လွတ်လပ်မျှတမှုမရှိတဲ့ စစ်တပ်ရဲ့ လတ်တလော တဖက်သတ် ရွေးကောက်ပွဲတွေကိုလည်း မီးမောင်းထိုးပြထားခဲ့တာပါ။

ပြီးခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ (တပ်မတော်နေ့)မှာ စစ်တပ်က စစ်ရေးပြပွဲတွေ ကျင်းပနေပေမဲ့ မြန်မာနိုင်ငံတဝန်းက အရပ်သားတွေကတော့ ထိတ်လန့်ဖွယ်ရာ အကြမ်းဖက်မှုတွေနဲ့ ဆက်လက် ရင်ဆိုင်နေရတယ်လို့လည်း ယူကေနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် တာဝန်ခံမှုရှိစေရေး၊ အရပ်သားတွေကို ကာကွယ်ရေးနဲ့ အဟန့်အတားမဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ရရှိရေးတို့အတွက် အရေးတကြီး လိုအပ်ချက်ကို ပိုမိုခိုင်မာစေတဲ့ ဒီဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ယူကေနိုင်ငံက ပြောလိုက်တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တခုကို ဖော်ဆောင်နိုင်ဖို့ အတွက် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အရေးတကြီး အကောင်အထည်ဖော်ဖို့နဲ့ သက်ဆိုင်ရာ အထူးသံတမန်တွေ အပါအဝင် အာဆီယံနဲ့ ကုလသမဂ္ဂတို့အကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုချက်ကိုလည်း ခိုင်ခိုင်မာမာ ထောက်ခံထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013