DVB Logo
Home
မြန်မာသတင်း
ပြင်ပဈေးကွက်၌ စားအုန်းဆီတပိဿာ ကျပ် ၃၀,၀၀၀ ထိ မြင့်တက်
DVB
·
October 12, 2026
Photo: DVB
Photo: DVB
Donate to DVB

မြန်မာပြည်တွင်း ဈေးကွက်ထဲမှာ လွယ်လင့်တကူ ဝယ်မရတဲ့ စားအုန်းဆီဟာ မှောင်ခိုဈေးကွက်မှာ တပိဿာကို ကျပ် ၃၀,၀၀၀ အထိ မြင့်တက်လာနေတယ်လို့ စားသုံးသူတွေနဲ့ စားသောက်ကုန်လုပ်ငန်းရှင်တချို့ဆီက သိရပါတယ်။

စစ်အာဏာရှင်လက်အောက်ခံ စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီရဲ့ သတ်မှတ်ဈေးက တပိဿာကို ကျပ် ၇,၀၀၀ ကျော်ပဲရှိနေပြီး ပြင်ပမှောင်ခိုဈေးမှာတော့ ဆီရရှိဖို့ခက်ခဲနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဈေးတွေ အဆမတန် မြင့်တက်လာတာပါ။

တောင်ဒဂုံမြို့နယ်က အသေးစား စားသောက်ကုန်လုပ်ငန်းရှင်တယောက်က “၅၀ သား တဘူးရဖို့တောင် မနည်းလိုက်ဝယ်နေရတာ။ ဆီရဖို့က တနေ့ထက်‌တနေ့ ပိုခက်လာတယ်။ ခွဲတမ်းကလည်း တချို့ဆို ကိုယ်စားလှယ်တွေဆီကို ရောက်တာလည်း နည်းတယ်။ အဲလိုချိန်ဆို ဝယ်ရပိုခက်ပြီး ဈေးက ပိုတက်လာတယ်။ ပြီးခဲ့တဲ့ တပတ်ကထိ တပိဿာကို ၁၈,၀၀၀ နဲ့ ရသေးတယ်။ ပြီးတော့ ၂၂,၀၀၀၊ အဲကနေမှ အခု ၃၀,၀၀၀ ထိ ဖြစ်လာတာ။ အစိုးရကပေးတဲ့ ပမာဏက လုပ်ငန်းလုပ်သူတွေအတွက်တော့ မလောက်ငဘူး။ မှောင်ခိုကနေ မဖြစ်မနေ လိုက်ကို ဝယ်ရတယ်” လို့ ပြောပါတယ်။

စစ်အာဏာရှင်က ဝယ်ယူရရှိထားတဲ့ စားအုန်းဆီကို အမှန်တကယ် အသုံးမပြုဘဲ တဆင့် ပြန်လည်ရောင်းချသူတွေကို စိစစ်အရေးယူနေတယ်လို့ ဇူလိုင်လအတွင်းက ကြေညာခဲ့သေးပေမဲ့လည်း မြေပြင်မှာတော့ မှောင်ခိုကိုသာ အဓိအားထားနေရတာလို့ သိရပါတယ်။

မြို့နယ်အလိုက် ကိုယ်စားလှယ်တွေဆီ ဆီရရှိတဲ့ ခွဲတမ်းပမာဏပေါ် မူတည်ပြီး အိမ်ထောင်စုတစုကို တပတ် ၅၀ သားကနေ တပိဿာထိ ထုတ်ပေးနေပြီး မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက် ပြည်သူတွေဟာ ဆီဝယ်ယူရရှိနိုင်တဲ့ ပမာဏမတူညီဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စမ်းချောင်းမြို့နယ်က အိမ်ရှင်မတယောက်ကလည်း “ဒီတပတ်ဆို သွားထုတ်တယ်၊ ကုန်သွားပြီပြောလို့ ထုတ်မရခဲ့ဘူး။ တခါထုတ်ရင်တော့ တပိဿာရတယ်။ ဒါပေမဲ့ မပြည့်ဘူး၊ ၃ ကျပ်သားလောက် လျော့တယ်။ တခါတလေလည်း ငါးကျပ်သားလောက် လျော့တယ်။ အိမ်သုံးဖို့တောင် အစိုးရဆီက ထုတ်မရတော့ အပြင်ကနေ ဝယ်စားရတယ်။ အခုဈေးကတော့ ညီမတို့ဆီမှာ ၂၄,၀၀၀ ပေးဝယ်ရတယ်။ ပဲဆီနဲ့တောင် ဈေးက သိပ်မကွာချင်တော့ဘူး ဖြစ်နေတယ်” လို့ ပြောပါတယ်။

စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ရက် ၁၀၀ စီမံချက်အဖြစ် ပြည်တွင်းဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ဖို့၊ သွင်းကုန်လျှော့ချပြီး ပို့ကုန်တိုးမြှင့်ဖို့နဲ့ နိုင်ငံခြားငွေသုံးစွဲမှု ချွေတာဖို့ဆိုပြီး ညွှန်ကြားထားခဲ့ပြီး အဲဒီအချိန်ကစလို့ ပြည်ပကနေ စားအုန်းဆီတင်သွင်းမှုကို အနည်းဆုံး ၃၀ ရာခိုင်နှုန်းကျော် လျှော့ချခဲ့ပြီးနောက် ဒီနေ့ချိန်ထိ ပြည်သူတွေအကြား စားအုန်းဆီရရှိဖို့ ခက်ခဲနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖုန်းဆက်မှာယူရင် အိမ်တိုင်ရာရောက် ဆီရောင်းချပေးတဲ့ အစီအစဉ်ကိုလည်း ဇူလိုင်လကတည်းက စတင်ရပ်တန့်ခဲ့ပြီးနောက် ဩဂုတ်လအတွင်းက စစ်အာဏာရှင်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက မြင့်တက်လာနေတဲ့ စားအုန်းဆီဈေးကွက်ကို နိုင်ငံတော်အနေနဲ့ ထိန်းချုပ်ဖို့ လိုအပ်တယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013