
အီရန်နိုင်ငံ လေပိုင်နက်ထဲမှာ အမေရိကန် F-15 တိုက်လေယာဉ်တစင်းကို ပစ်ချခံလိုက်ပြီးနောက် လေယာဉ်ပေါ်ကနေ လေထီးနဲ့ ခုန်ထွက်ခဲ့တဲ့ လေယာဉ်မှူး ၂ ယောက်ထဲက တယောက်ကို ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေက ပြန်တွေ့ထားပြီလို့ အမေရိကန်အရာရှိတွေက ဧပြီ ၃ ရက်မှာ ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ ဖေဖော်ဝါရီ ၂၈ က စတင်ခဲ့ပြီး သီတင်း ၅ ပတ်လောက် ကြာမြင့်လာပြီဖြစ်တဲ့ အမေရိကန်–အီရန် စစ်ပွဲအတွင်း ပထမဆုံး ဖြစ်ရပ်လည်းဖြစ်ပြီး လေယာဉ်ကနေ အသက်ရှင် ကျန်သူ ရှိ မရှိကို ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေပါတယ်။
ပစ်ချခံလိုက်ရတဲ့ အမေရိကန် တိုက်လေယာဉ်ကို ရှာဖွေရေးလုပ်နေတဲ့ Blackhawk စစ်ရဟတ်ယာဉ် ၂ စင်းကိုလည်း အီရန်ဘက်က ပစ်ခတ်ခဲ့ပေမဲ့ ထိမှန်ခြင်းမရှိဘဲ အီရန် လေပိုင်နက်ထဲကနေ လွတ်မြောက်နိုင်ခဲ့တယ်လို့ အမေရိကန် အရာရှိ ၂ ယောက်က ပြောပါတယ်။
ဒါ့အပြင် တခြားဖြစ်စဉ်တခုမှာလည်း A10 ဝေါ့ထ်ဟော့ဂ် တိုက်လေယာဉ်တစင်း ပစ်ခတ်ခံရပြီး ကူဝိတ်နိုင်ငံထဲမှာ ပျက်ကျသွားခဲ့ပါတယ်။
လေယာဉ်မှူးကတော့ ခုန်ထွက်လွတ်မြောက်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာ အခြေအနေကိုတော့ မသိ ရသေးသလို ပန်တဂွန်နဲ့ အမေရိကန် ဗဟိုစစ်ဌာနချုပ်ကတော့ ဒီအကြောင်းကို တုံ့ပြန်ချက် မပေး သေးပါဘူး။
အီရန်နိုင်ငံအတွင်း အမေရိကန်လေယာဉ်မှူးတွေ အသက်ရှင်လျက် ထွက်ပြေးတိမ်းရှောင်နေမယ် ဆိုတဲ့ အလားအလာဟာ အမေရိကန်ပြည်သူတွေအကြား လူထုထောက်ခံမှုရရှိအောင် ရုန်းကန် နေရတဲ့ အခြေအနေမှာ အမေရိကန်အတွက် ဖိအားများလာနိုင်ပါတယ်။
ဒါ့အပြင် အသက်ရှင်နေတဲ့ အမေရိကန်လေယာဉ်မှူးတွေကို ကယ်တင်ဖို့နဲ့ ကယ်ဆယ်ရေး မစ်ရှင်ကို သွားရတဲ့ တပ်ဖွဲ့တွေကို ကာကွယ်ဖို့ ဆိုတဲ့ ရည်မှန်းချက် ၂ ခုလုံးကို တပြိုင်နက်လုပ်ဆောင်ရမဲ့ အမေရိကန်တပ်ဖွဲ့အတွက်လည်း စိန်ခေါ်မှုရှိနေတာ ဖြစ်ပါတယ်။
တဖက်မှာလည်း အီရန်အရာရှိတွေက သူတို့ပြည်သူတွေကို အသက်ရှင်နေတဲ့ လေယာဉ်မှူးတွေကို ဝိုင်းရှာကြဖို့ တိုက်တွန်းထားပြီး F-15 တိုက်လေယာဉ်ရဲ့ လေယာဉ်ပျက် အပိုင်းအစ ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာ ဖြန့်ဝေနေပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က အီရန်ကို ကျောက်ခေတ် ပြန်ဖြစ်သွားအောင် ဗုံးကြဲ ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက်မှာ အခုဖြစ်ရပ် ဖြစ်ပေါ်လာတာပါ။
အမေရိကန်ဗဟိုစစ်ဌာနချုပ်ရဲ့ စာရင်းအရ အခုစစ်ပွဲအတွင်းမှာ အမေရိကန်စစ်သည် ၁၃ ယောက် သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရထားပါတယ်။ အီရန်ဘက်က ဖမ်းဆီးထားတဲ့ အကျဉ်းသားတော့ မရှိသေးပါဘူး။
အမေရိကန်ပြည်သူ ၃ ပုံ ၂ ပုံကတော့ ဒီစစ်ပွဲကို မထောက်ခံကြဘဲ အမြန်ဆုံး ရပ်တန့်သင့်တယ်လို့ ယူဆနေကြပါတယ်။
တဖက်မှာလည်း သမ္မတ ထရမ့်ပ်က အီရန်စစ်တပ် အားနည်းနေပြီ ရှုံးနိမ့်နေပြီလို့ မကြာခဏ ပြောနေပေမဲ့ အီရန်မှာ ဒုံးကျည်နဲ့ ဒရုန်းစွမ်းရည်တွေ အများကြီး ကျန်ရှိနေသေးတယ်လို့ ထောက်လှမ်းရေး အချက်အလက်တွေက ပြနေပါတယ်။
Source: Reuters











