
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းမကြီးပေါ်မှာရှိတဲ့ ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ဟာ ၂ နှစ်ဝန်းကျင်ရှိလာချိန်မှာတော့ တရုတ်အငွေ့အသက်တွေနဲ့ တရုတ်လွှမ်းမိုးမှုတွေ ပိုတွေ့လာရတယ်လို့ သိန္နီဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ သိန္နီမြို့ပေါ်မှာ တရုတ်စီးပွားရေးသမားအများအပြား ရောက်နေကြသလို ရောင်းဝယ်သုံးစွဲရာမှာလည်း မြန်မာကျပ်ငွေထက် တရုတ်ယွမ်ငွေကို ပိုသုံးလာနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ဒါ့အပြင် မြန်မာစာသင်ကျောင်းအများစုနေရာမှာ တရုတ်စာသင်ကျောင်းတွေ အစားထိုး ဝင်ရောက် လာပြီး ကျောင်းသားတွေအနေနဲ့လည်း တရုတ်စာကို အဓိကထား ပိုသင်နေရတယ်လို့ သိန္နီမြို့ခံတွေ က ဆိုပါတယ်။
ဒါ့အပြင် ဒေသခံမဟုတ်တဲ့ အခြားလူမျိုးတွေကတော့ သိန္နီမြို့ထဲမှာ နေမယ်ဆိုရင် နေထိုင်ခွင့်စာအုပ် လုပ်ပြီးမှ နေရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
လက်ရှိအချိန်မှာတော့ သိန္နီမြို့အစား မူပန်လို့ ခေါ်ဆိုမှုတွေ ပိုများလာသလို ငွေကြေးသုံးစွဲရာ မှာလည်း မြန်မာကျပ်ငွေအစား တရုတ်ယွမ်ငွေကို ပိုသုံးစွဲလာတာတွေ များနေတယ်လို့ ဆိုကြ ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း တရုတ်ကုန်သည်တယောက်က မြန်မာကျပ်ငွေနဲ့ ငွေပေးချေတာကို လက်မခံလို့ အချေအတင်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်လည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ ၂ နှစ်ဝန်းကျင်အတွင်း သိန္နီမြို့ရဲ့ အခြေအနေကို မြို့ခံတယောက်က “သိန္နီကနေ လောက်ကိုင်အထိက တရုတ်၊ ဆိုင်းဘုတ်တွေဆိုရင် အခု စားသောက်ဆိုင် နာမည်တွေ ဆိုရင်လည်း အကုန် တရုတ်စာပဲ။ ရှမ်းစာတို့၊ ဗမာစာတို့ဆိုတာ ပျောက်သလိုဖြစ်နေပြီ။ အခုက ဘယ်လိုဖြစ်နေတုန်းဆိုတော့ သိန္နီကနေပြီးတော့ လောက်ကိုင်အထိက တရုတ်မြို့တော်လို ဖြစ်နေပြီလေ။ ဒေသခံတွေက အခုဒီဘက်ဆိုရင် သိန္နီကနေစပြီးမှ လောက်ကိုင်အထိဘက်ဆိုရင် ဗမာတွေ အများစုက နေလို့ရတာကလည်း နေထိုင်ခွင့်နဲ့ နေကြတယ်။ ခက်ခက်ခဲခဲပေါ့နော်၊ တချို့ကျလည်း စီးပွားရေးထောင်ထားတာမို့ အဲဒီလိုမျိုးနေရတယ်လေ။ သိန္နီကနေပြီးတော့မှ ကွမ်းလုံအထိကတော့ ဗမာငွေလည်း သုံးတယ်၊ ယွမ်လည်း သုံးတယ်” လို့ ပြောပါတယ်။
သိန္နီမြို့နေရာအနှံ့က ကုန်စုံဆိုင်၊ စားသောက်ဆိုင်တွေနဲ့ ဈေးဆိုင်တွေကိုလည်း မြန်မာစာအပြင် တရုတ်စာပါ ထည့်သွင်းရေးသားခိုင်းတာတွေ ရှိနေပြီး မြို့ရဲ့နေရာအနှံ့မှာ တရုတ်စာနဲ့ ရေးထိုးထားတဲ့ နေရာတွေ ပိုများလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မြို့ပေါ်မှာ တရုတ်လူမျိုးပိုင် စားသောက်ဆိုင်၊ အလှပြင်ဆိုင်၊ ကာရာအိုကေနဲ့ အနှိပ်ခန်း တွေလည်း အများအပြားရှိလာနေကြောင်း ပြောကြပါတယ်။ သိန္နီမြို့ရဲ့ ရပ်ကွက် ၁ မှာရှိတဲ့ မြို့မဈေး လည်း ဖယ်ရှားခံရပြီးနောက် တရုတ်ထောက်ပံ့မှုနဲ့ ဆေးရုံဆောက်နေပြီး ဈေးနေရာကို မြို့ပြင် ရွှေ့ထားလို့ ဈေးသည်တွေလည်း အခက်ကြုံနေတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံတယောက်က အခုက လက်လုပ်လက်စား ဈေးသည်၊ ပန်းသည်လေးတွေ ဆိုရင် ဈေးက အမျိုးမျိုးပြောင်းနေရတာ။ ပထမ သူတို့ဆောက်ထားတဲ့ဈေးမှာ ရောင်းတယ်။ ရောင်းတဲ့အခါကျတော့ ဝယ်သူတွေက သိပ်မလာတော့ ကုန်တွေက ရှုံးတယ်၊ စီးပွားတွေက ပျက်တယ်။ စီးပွားရေးတွေက ကျပ်တည်းမှုတွေ ဖြစ်တယ်။ ဖြစ်တော့ အခုဆိုရင် ဈေးက မြို့ပြင်ကြီး ရောက်သွားတာလေ။ သူတို့က “သိန္နီ-ချင်းရွှေဟော် ဘက်သွားတဲ့ မြို့ပြင်အထွက်ဘက်မှာ ဈေးက သွားတည်တဲ့အခါကျတော့ ဒီဘက်ကလူတွေကလည်း သိပ်မသွားကြတော့ဘူး။ ဈေးရောင်းဈေးဝယ်တွေ ပါးတယ်။ ပါးတဲ့အခါကျတော့ အခုက ဘယ်လိုဖြစ်လဲဆိုတော့ လမ်းကြားဘက်မှာ ရပ်ကွက်ဈေးပုံစံမျိုးနဲ့ပဲ ခက်ခက်ခဲခဲ လမ်းဘေးလေးမှာ ရောင်းနေကြတာ” လို့ ပြောပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် သိန္နီမြို့မှာ အစဉ်အဆက် နေထိုင်ခဲ့ကြတဲ့ ရှမ်း၊ ကချင်နဲ့ ဒေသခံတိုင်းရင်းသားအများစုကတော့ ကိုယ်ပိုင်ယဉ်ကျေးမှုတွေ ပျောက်ကွယ်မှာကို စိုးရိမ်နေကြတယ်လို့ ဆိုကြပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ DVB အနေနဲ့ ကိုးကန့်တပ် MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
ကိုးကန့်တပ်ဟာ သိန္နီမြို့ကို ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကတည်းက ထိန်းချုပ်ခဲ့တာဖြစ်ပြီး သိန္နီမြို့ ကို ကိုးကန့်ရဲ့ အထူးဒေသ ၁ ဖွဲ့စည်းပုံထဲ ထည့်သွင်းခဲ့တာပါ။










