
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ခွန်ထိန်းနယ်မြေထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမ တယောက် အသတ်ခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဇွန် ၁၀ ရက်မနက်က ဘန်ခွန်ထိန်းနယ်မြေ၊ ထာ့ခမ့်ရပ်ကွက် အနားမိုင်းငမ်းကျရွန်း ၁၀ လမ်းရှိ တိုက်ခန်းတခုထဲမှာ မသင်္ကာစရာ အပုပ်နံ့တွေ ထွက်နေတယ်လို့ အခန်းဘေးနေထိုင်သူတွေက တိုင်ကြားတာကြောင့် သွားရောက်စစ်ဆေးခဲ့တယ်လို့ ထာ့ခမ်းနယ်မြေရဲတပ်ဖွဲ့ တာဝန်ကျ စခန်းမှူးက သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါနေရာမှာ အငှါးအိမ်ခန်းတွဲတွေဖြစ်ပြီး အပုပ်နံ့ရတယ်ဆိုတဲ့ အခန်းနံပါတ် ၅ ကို သော့ဖောက်စစ်ဆေးရာမှာ အခန်းအလယ်မှာ ထိုးသွင်းဒဏ်ရာတွေနဲ့အတူ မှောက်လျက်အနေ အထား လဲကျသေဆုံးနေတဲ့ အမျိုးသမီးတယောက်ရဲ့ လောင်းကို တွေ့ရတယ်၊ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပုံရှိပြီး ကြမ်းပြင်မှာလည်း သွေးစတွေ ခြေရာတွေတွေ့ရှိတယ်လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချက်အရ သေဆုံးသူမှာ အသက် ၃၅ နှစ်ရွယ်ရှိ မြန်မာအမျိုးသမီး အိမွန်ထွေး ဖြစ်ပြီး သူဟာ အထည်ချုပ်စက်ရုံတရုံမှာ အလုပ်လုပ်နေကာ အနေအထိုင် အေးဆေးတယ်၊ အပေါင်းအသင်းတွေလည်း ရံဖန်ရံခါမှသာ လာလည်လေ့ရှိတယ်လို့ အခန်းနားနီး နေထိုင်သူတွေက ပြောပါတယ်။
ခုရက်ပိုင်းတွင်း သူ့ကို အပြင်ထွက်တာ မတွေ့ရဘူး၊ ၈ ရက် ညနေ ၆ နာရီလောက်က ဟင်းထွက်ဝယ်တာ တွေ့တာ နောက်ဆုံးပဲ၊ ၁၀ ရက်နေ့ မနက်ကတော့ သူ့အခန်းထဲကနေ အပုပ်နံ့ရတယ်၊ တိုက်ခန်းပိုင်ရှင်ကို အကြောင်းကြားတော့ ပိုင်ရှင်က သော့လာဖွင့်ပေမဲ့ မရတာကြောင့် ရဲစခန်းကို အကြောင်းကြားလိုက်တာလို့ အခန်းနားနီးချင်းက ပြောပါတယ်။
သူ့အခန်းဟာ အရင်ကလည်း သူခိုး ၂ ကြိမ်ဝင်ဖူးတယ်၊ ပထမအကြိမ် ဘတ် ၅,၀၀၀ ပါသွားပြီး ဒုတိယအကြိမ် ၄,၀၀၀ လောက်ပါသွားတယ်၊ ခုတကြိမ်မှာ လာခိုးတော့ လူမိသွားပြီး နှုတ်ပိတ်တဲ့အနေနဲ့ သတ်လိုက်တာဖြစ်နိုင်တယ်လို့ နောက်ထပ်အခန်းချင်းနီးသူက ပြောပါတယ်။
တာဝန်ရှိသူတွေဟာ အနီးနားပတ်ဝန်းကျင်တဝိုက်စစ်ဆေးရာမှာ သူ့အခန်းကို ဝင်ထွက်လို့ရမဲ့ ဝရံတာအပေါက်သေးလေးကို တွေ့ပါတယ်၊ ကိုယ်လုံးသေးရင် ငုံ့လျှိုးဝင်လို့ ရတဲ့ အနေအထားရှိတယ်၊ သူသေဆုံးမှုနဲ့ ပတ်သက်ပြီး အခန်း ၃-၄-၆-၇ နဲ့ တကွ အဲဒီတိုက်တန်းလျားမှာ နေထိုင်သူ လူပေါင်း ၂၀ ကျော်ကို ခေါ်ယူမေးမြန်းနေဆဲလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source: Thairath / Amarin TV










