
သမ္မတထရမ့်ပ်အစိုးရ၊ အမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်အဖွဲ့ (ICE) က ထိန်းသိမ်းထားတဲ့ မြန်မာကျောင်းသားတွေကို သက်ညှာပြီး ပြန်လွှတ်ပေးဖို့ အကူအညီပေးနေသူ တွေက မေတ္တာရပ်ခံတိုက်တွန်းလိုက်ပါတယ်။
ဇူလိုင် ၂၁ ရက်က ကယ်လီဖိုးနီးယားပြည်နယ်၊ Skyline ကောလိပ်က အသက် ၂၀ ဝန်းကျင် ကျောင်းသား ၃ ယောက်ကို လော့စ်အိန်ဂျယ်လိစ် နိုင်ငံတကာလေဆိပ်မှာ ICE တပ်ဖွဲ့ဝင်တွေက ထိန်းသိမ်းခဲ့ပါတယ်။
နယူးယောက်မြို့မှာ သူနာပြုကောလိပ်တက်နေတဲ့ ကချင်တိုင်းရင်းသူ ကျောင်းသူ တယောက်ဟာ လည်း ဖလော်ရီဒါပြည်နယ်၊ မီယာမီလေဆိပ်မှာ ထိန်းသိမ်းခံခဲ့ရပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်မှာ ထိန်းသိမ်းခံထားရသူတွေအတွက် ပြည်နယ် အထက်လွှတ်တော် အမတ်ဆီကို အသိပေးအကူအညီတောင်းခံစာ ပေးပို့ထားသလို သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် တွေနဲ့ ချိတ်ဆက်ပြီး အကူအညီပေးဖို့ မြန်မာအသိုက်အဝန်းက ကြိုးစားနေကြပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “LAX လော့စ်အိန်ဂျယ်လိစ် နိုင်ငံတကာလေဆိပ်မှာ အမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ထိန်းသိမ်းရေးအဖွဲ့ ICE က မကြာသေးခင်က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်ဆိုတာကို သိရတယ်။ သမ္မတထရမ့်ပ်အနေနဲ့ရော သူတို့ရဲ့ အမိမြေလုံခြုံရေးအတွက် တာဝန်ယူထားကြတဲ့ ခေါင်းဆောင်တွေအနေနဲ့ရော လူငယ်တွေအပေါ်မှာ သက်ညှာပြီးတော့မှ အဘက်ဘက်ကနေစဉ်းစားပြီးတော့ ဒီလိုကိစ္စတွေမှာ သူတို့ရဲ့ အနာဂတ် ပျောက်သွားတာမျိုးမဖြစ်အောင် အားလုံးကိုခြုံငုံစဉ်းစားပြီးတော့မှ လုပ်ဆောင်သွားဖို့ကိုလည်း ကျမတို့အနေနဲ့ မေတ္တာရပ်ခံပြီးတော့ တိုက်တွန်းပါတယ်။ ဆီနိတ်တာ ပဒဲလာကို စာရေးပြီးတော့ လည်း အကူအညီတွေတောင်းထားပါတယ်။ ကူညီပေးနေတဲ့ လူငယ်ခေါင်းဆောင်တွေကလည်း ကျမတို့ကို ဆက်သွယ်လာတာတွေရှိတဲ့အတွက်ကြောင့် ကျမတို့ဘက်က တတ်နိုင်သလောက်ပေါ့၊ နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ ချိတ်ဆက်ပြီးလုပ်နိုင်လို့ ဆောင်ရွက်ပေးနေတာတွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။
အခုလပိုင်းအတွင်း တက္ကဆက်ပြည်နယ်၊ ဒဲလတ်စ်မြို့က DFW လေဆိပ်မှာ အဖမ်းခံခဲ့ရတဲ့ မြန်မာကျောင်းသားတယောက်ကတော့ ဇူလိုင် ၂၈ ရက်နေ့မှာ လူဝင်မှုကြီးကြပ်ရေး အကျဉ်းထောင် ကနေ အာမခံကြေး ဒေါ်လာ ၈,၀၀၀ နဲ့ ပြန်လွတ်လာခဲ့ပါတယ်။
ICE အဖွဲ့က အမေရိကန်ပြည်ထောင်စုတဝန်း တရားမဝင်နေထိုင်သူတွေကို ဖမ်းဆီးပြီး ပြည်နှင်ဒဏ် ပေးဖို့ စီမံချက်နဲ့ဆောင်ရွက်နေတာပါ။
နိုင်ငံသားနဲ့ အမြဲတမ်းနေထိုင်ခွင့် Green Card ရှိသူတွေကိုပါ ICE တပ်ဖွဲ့က မှားယွင်း ဖမ်းဆီးတာတွေရှိခဲ့တဲ့အတွက် တုံ့ပြန်တရားစွဲတာတွေနဲ့ ဝေဖန်မှုတွေကို အစိုးရအဖွဲ့က ကြုံနေရတာ ဖြစ်ပါတယ်။
မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတယောက်က “အကုန်လုံးက လေဆိပ်မှာ အဖမ်းခံရတာ။ ဘာကြောင့် အဖမ်းခံရသလဲဆိုတော့ ကိုယ့်ဘက်က မှားတာချည်းပဲလည်းမဟုတ်ဘူး။ တယောက်နဲ့ တယောက်မတူကြဘူးပေါ့နော်။ တချို့ကလေးတွေ နိုင်ငံရေးခိုလှုံခွင့်လျှောက်ပြီးချိန်ကစပြီး တနှစ်ပြည့်ရင် နှစ်စဉ်ကြေးပေးရတယ်ဆိုတာကို သိပေမဲ့လည်း အမှုမဲ့ အမှတ်မဲ့ နေလိုက်မိတာ ပေါ့နော်၊ နှစ်စဉ်ကြေးက ဘယ်လောက်မှလည်းများတာမဟုတ်ဘူး ၁၀၂ ဒေါ်လာပဲ၊ အီးမေးလ်ကို မတွေ့မိလိုက်တာတို့ ဒါမှမဟုတ်လည်း ပြီးမှလုပ်လိုက်ပါမယ်ဆိုပြီး မေ့သွားတာတို့ အဲ့ဒါဖြစ်နေတာ ကို မသိဘဲနဲ့ ခရီးသွားနေကြတဲ့သူတွေလည်းပါတယ်။ နောက်တခုက ကျောင်းသားဗီဇာ သက်တမ်း ကုန်နေပြီဆိုပြီး သူတို့က မှားဖမ်းလိုက်တယ်၊ ဖမ်းဖမ်းပြီးချင်း သူက လူဝင်မှုကြီးကြပ်ရေးထောင်ကို ထုံးစံအတိုင်း နာရီပိုင်းအတွင်းပို့တာဆိုတော့ ကျန်တဲ့ကိစ္စတွေ ဖြေရှင်းဖို့က ဘယ်လိုမှ မရနိုင်ဘူးဖြစ်နေတာ၊ နောက်ဆုံး သူတို့ဘက်ကမှားခဲ့တယ်ဆိုရင်တောင် သူတို့က တောင်းပန်တာ မဟုတ်ဘူး၊ ထောင်ရောက်ပြီးတော့မှ ကိုယ့်ဘက်ကပြန်လိုက်တော့မှ ပြန်လွှတ်ပေးတာ၊ ပြန်လွှတ် ပေးတယ်ဆိုတာလည်း ရှေ့နေငှားရတယ် ဘာညာ အရမ်းအလုပ်ရှုပ်တာပေါ့”လို့ ပြောပါတယ်။
မြန်မာနွယ်ဖွားအမေရိကန်နိုင်ငံသား မဆုမွန်က “ဒီအစိုးရကာလမှာ သူ့ရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေကလည်း မကြုံဖူးလောက်အောင် တော်တော်လေးကို တင်းတင်းကျပ်ကျပ် ဖမ်းတာဆီး တာတွေ ဖြစ်တယ်ဆိုတော့ တကယ်လို့ ကိုယ့်မှာ စာရွက်စာတမ်း၊ အထောက်အထား မခိုင်လုံဘူးဆိုလို့ရှိရင်တော့ လမ်းခရီးသွားတာကို သေရေးရှင်ရေးကလွဲပြီးတော့ လျှော့စေချင်တယ်။ ဒါတွေက သတင်းတွေထဲမှာပဲ လူတွေ ကြောက်အောင်၊ လန့်အောင် လုပ်နေကြတယ်ဆိုပြီး တချို့က လည်း ပြောကောင်းပြောနိုင်တယ်၊ ဒါပေမဲ့ တကယ့်အဖြစ်အပျက်တွေ ဖြစ်နေတာတော့ အမှန်ပဲ၊ အဖမ်းဆီးခံနေရတယ်၊ လူတွေသောင်းနဲ့ သိန်းနဲ့ ချီပြီးတော့ နှင်ထုတ်နိုင်ဖို့အတွက်ကို သူ့ဘက်က အများကြီးကြိုးပမ်းနေတာတွေရှိတဲ့ အချိန်မှာတော့ ကိုယ့်ဘက်ကအထောက်အထား မခိုင်လုံဘူးဆို လို့ရှိရင် သေရေးရှင်ရေးဖြစ်နေတဲ့ အကြောင်းအရာတွေကလွဲလို့ရှိရင် သွားဖို့ မသွားဖို့ကို ချင့်ချိန်ပါလို့ပဲ ကျမတို့က ပြောချင်တာပေါ့နော်” လို့ ပြောပါတယ်။
Institute of International Education (IIE) Open Doors Report ရဲ့အချက်အလက်တွေအရ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း အမေရိကန်အဆင့်မြင့်ပညာရေးအဖွဲ့အစည်းတွေနဲ့ ဆက်စပ် အလုပ်-လေ့လာရေးအစီအစဉ်တွေမှာ စာရင်းသွင်းထားတဲ့ နိုင်ငံတကာကျောင်းသား ၁ ဒသမ ၁၈ သန်းဝန်းကျင်အထိ ရှိနေတာပါ။
သမ္မတထရမ့်ပ် အစိုးရက ကျောင်းသားတွေရဲ့ ဗီဇာသက်တမ်းကို စည်းကမ်းတင်းကျပ်တာ၊ ယာယီနေထိုင်ခွင့် TPS ကို ရပ်ဆိုင်းတာတွေ ဆက်တိုက်ပြုလုပ်ခဲ့သလို နိုင်ငံရေးခိုလှုံခွင့် လုပ်ငန်းစဉ် တွေကိုလည်း ပြီခဲ့တဲ့ရက်ပိုင်းအတွင်းမှာ အပြောင်းအလဲတွေ ပြုလုပ်ခဲ့တာကြောင့် နိုင်ငံတကာ ကျောင်းသားတွေအတွက် အမေရိကန်နိုင်ငံအတွင်း နေထိုင်ခွင့်နဲ့ပတ်သက်ပြီး ဖိအားတွေ ပိုများ လာခဲ့ပါတယ်။
သုတချမ်းသာ










