
အမေရိကန်မှာ ပညာသင်ကြားနေတဲ့ နိုင်ငံခြားကျောင်းသားတွေရဲ့ ပြည်ဝင်ခွင့်(ဗီဇာ) သက်တမ်း လုပ်ထုံးလုပ်နည်းတွေကို တင်းကျပ်မဲ့ နောက်ဆုံးစည်းမျဉ်း (Final Rule) ကို ထရမ့်ပ်အစိုးရအဖွဲ့၊ အမိမြေလုံခြုံရေးဝန်ကြီးဌာနက ဇူလိုင် ၁၆ ရက်မှာ အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။
စည်းမျဉ်းသစ်အရ ကျောင်းသားတွေဟာ အမေရိကန်နိုင်ငံမှာ ကျောင်းတက်ဖို့ လိုအပ်ချက် ဒါမှမဟုတ် အဆိုပြုချက် (ပြည်ဝင်ခွင့်ဗီဇာပါဖော်ပြချက်) အတိုင်း အတိအကျသာ နေထိုင်ခွင့်ရ တော့မှာ ဖြစ်ပါတယ်။
စည်းမျဉ်းသစ်ဟာ လာမဲ့ စက်တင်ဘာ ၁၅ ရက်မှာ စတင်အသက်ဝင်မှာဖြစ်ပြီး ဖက်ဒရယ်အစိုးရရဲ့ အထူးခွင့်ပြုချက်မရဘဲ နိုင်ငံခြားကျောင်းသားတွေဟာ အမေရိကန်မှာ ၄ နှစ်ထက်ပိုပြီး နေထိုင် ပညာသင်ကြားခွင့် မရှိတော့ပါဘူး။
ဒီစည်းမျဉ်းအသစ်ဟာ အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ကြားနေတဲ့ မြန်မာ အပါအဝင် သန်းနဲ့ချီတဲ့ နိုင်ငံတကာကျောင်းသားတွေအပေါ် သက်ရောက်မှုရှိလာမှာ ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “အရင်လိုမျိုး သက်တမ်းတိုးပြီး တော့ နေချင်သလိုနေတာမျိုး မဟုတ်ဘဲနဲ့ ကန့်သတ်လိုက်မှာဖြစ်တယ်။ F1, F2, J1, J2 ဗီဇာနဲ့လာတဲ့သူတွေကို အဓိကအားဖြင့် ဒီဥပဒေဟာ သွားပြီးတော့ သက်ရောက်မှာဖြစ်တယ်။ အမေရိကန်ထဲကို စတင်ဝင်ရောက်ခွင့်ပေးတဲ့အချိန်ကနေပြီးတော့မှ I20 Form ပေါ်က ကျောင်းပြီးမဲ့ ရက်စွဲအတိုင်းပဲ ပေးမှာဖြစ်တယ်။ အများဆုံး ၄ နှစ်ထက် မကျော်ရဘူး ဆိုတာမျိုးတွေ ဖြစ်လာတယ်ပေါ့နော်။ ၄ နှစ်ထက်ကျော်တဲ့ ဘွဲ့သင်တန်းတွေအတွက်ကို သက်တမ်းတိုးဖို့ လိုအပ်လာတယ်ဆိုရင် အရင်လို ကျောင်းက နိုင်ငံတကာကျောင်းသားဌာနတခုတည်းက သက်တမ်းတိုးပေးလို့ မရတော့ဘူး။ ကျောင်းသားကိုယ်တိုင်က နေပြီးတော့မှ အမေရိကန် လူဝင်မှုကြီးကြပ်ရေး USCIS ကို ထပ်ပြီး တိုးပြီးတော့ နေခွင့်ကို ပုံစံတင်ပြီးတော့ အခကြေးငွေလည်း ပေးရမယ်၊ တရားဝင် ကိုယ်က လျှောက်ထားရမှာ ဖြစ်တယ်ပေါ့နော်” လို့ ပြောပါတယ်။
Institute of International Education (IIE) Open Doors Report ရဲ့ အချက်အလက်တွေအရ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း အမေရိကန် အဆင့်မြင့်ပညာရေးအဖွဲ့အစည်းတွေနဲ့ ဆက်စပ် အလုပ်-လေ့လာရေး အစီအစဉ်တွေမှာ စာရင်းသွင်းထားတဲ့ နိုင်ငံတကာကျောင်းသား ၁ ဒသမ ၁၈ သန်းဝန်းကျင်အထိ ရှိနေတာပါ။
အရင်က ကျောင်းပြီးဆုံးပြီးနောက် အမေရိကန်မှာ ရက်ပေါင်း ၆၀ အထိ ဆက်နေထိုင်ခွင့် ရခဲ့ပေမဲ့ စည်းမျဉ်းသစ်အရ နိုင်ငံပြင်ပကို ထွက်ခွာဖို့ ဒါမှမဟုတ် တခြားဗီဇာပြောင်းလဲဖို့ ရက်ပေါင်း ၃၀ သာ ခွင့်ပြုတော့မှာ ဖြစ်ပါတယ်။
တက္ကသိုလ်နဲ့ ကောလိပ်တွေအကြား ကျောင်းပြောင်းရွှေ့နိုင်ခွင့်တွေကိုလည်း အရင်ကထက် ပိုပြီး တင်းကျပ် ကန့်သတ်သွားမှာ ဖြစ်ပါတယ်။
မြန်မာ အပါအဝင် သက်ဆိုင်ရာ မိခင်နိုင်ငံတွေမှာ စစ်ရေး၊ နိုင်ငံရေး ပြဿနာ ကြီးမားနေတဲ့ ကျောင်းသားတွေအတွက် ထရမ့်ပ်အစိုးရရဲ့ ထုတ်ပြန်ချက်ဟာ အကျပ်အတည်းကြားထဲကို ထောက်ထားမှုမရှိဘဲ ပြန်တွန်းပို့တဲ့သဘော သက်ရောက်နေတာပါ။
အမေရိကန်ရောက်မြန်မာတယောက်က “၄ နှစ်တက်ဖို့အတွက် ဗီဇာလျှောက်ထားတဲ့သူဟာ ၄ နှစ်ပဲ တက်ရမယ်၊ ၄ နှစ်ပြီးတာနဲ့ ပြန်ရမယ်၊ ခု ထုတ်ပြန်ချက်အသစ်အရပေ့ါနော်။ F1 ဗီဇာနဲ့ လာတဲ့သူတွေ၊ ဘွဲ့-ဒီဂရီတွေတင် မဟုတ်ဘဲနဲ့ အင်္ဂလိပ်စာ လာသင်တဲ့သူတွေအထိပါ ကန့်သတ်ထားတာပေါ့။ အင်္ဂလိပ်စာ လာသင်တယ်ဆိုရင်လည်း ၂ နှစ်ပေ့ါနော်။ အဲဒီ ၂ နှစ်ထက်ပိုပြီး နေလို့မရဘူး။ ဘွဲ့ယူပြီးသွားတဲ့သူတွေက ၄ နှစ် ကျောင်းပြီးသွားရင် အနည်းဆုံး ၂ နှစ် အလုပ်သင်နေထိုင်ခွင့် ဆိုပြီးတော့ ရှိတယ်။ ကျောင်းပြီးသွားတဲ့နောက်ပိုင်းမှာပေါ့နော်။ Flexible Duration Status လို့ ခေါ်တာပေါ့၊ နားလည်မှုနဲ့ နေခွင့်ပေးထားတာပေါ့။ အဲဒီထဲကမှ အလုပ်ရှင်က ကိုယ့်ကို စပွန်ဆာလုပ်တယ် ဆိုလို့ရှိရင် Green Card လျှောက်ထားတဲ့အဆင့်တွေ ရောက်သွားတဲ့သူတွေလည်း ရှိတယ်။ ကိုယ်ရတဲ့ဘွဲ့ ကိုယ်လုပ်တဲ့ကုမ္ပဏီအပေါ် မူတည်ပြီးတော့ ဒီမှာ ရာသက်ပန် နေခွင့်ရသွားတဲ့သူတွေလည်း ရှိတာပဲ။ ပညာရှင် တော်တော်များများကလည်း အဲဒီလိုပဲ သိပ္ပံပညာရှင်တွေ၊ သုတသနသမားတွေ၊ ဆရာဝန်တွေ အဲဒီလို နေကြတဲ့သူတွေ ဒီမှာ အများကြီးမှ ထောင်သောင်းချီပြီး ရှိတာလေ၊ သိန်းတောင်ချီမယ်ထင်တယ်။ အခုတော့ တဖြည်းဖြည်းနဲ့ အဲဒီလူတွေလည်း စွန့်ခွာကုန်ကြပြီပေ့ါနော်။ မြန်မာတွေနဲ့ပတ်သက်ပြီး တိုက်ရိုက်ပြောရမယ် ဆိုရင်တော့ ဒီဥပဒေက ဘယ်နိုင်ငံကိုမှ ကွက်ပြီးလုပ်တာလည်း မဟုတ်ဘူး။ တကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံအားလုံးကို သူက လုပ်တာ။ မြန်မာကျောင်းသားတွေဟာလည်း ဒီဥပဒေနဲ့ အကျုံးဝင်မယ်။ သက်ရောက်မှုရှိမယ်။ သူတို့ သက်တမ်းပြည့်တာနဲ့ ပြန်ရမှာ။ မြန်မာပြည်အနေအထားနဲ့ တွက်မယ် ဆိုရင်တော့ တော်တော်ခွကျတဲ့ အနေအထား ဖြစ်တာပေါ့နော်” လို့ ပြောပါတယ်။
မြန်မာကျောင်းသားတွေအနေနဲ့ သက်ဆိုင်ရာ ကျောင်း၊ တက္ကသိုလ်ရဲ့ နိုင်ငံတကာ ကျောင်းသားရေးရာဌာနတွေကို ချက်ချင်းဆက်သွယ်ပြီးတော့ မိမိဗီဇာအခြေအနေကို တိုင်ပင် ဆွေးနွေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
အမေရိကန်မှာ ဖြစ်ပေါ်နေတဲ့ ထရမ့်ပ်အစိုးရရဲ့ အထွေထွေဆောင်ရွက်မှုတွေဟာ ရွေးကောက်ပွဲ ကြိုကာလ မဲဆွယ်ကာလမှာ အသုံးပြုခဲ့တဲ့ Project 2025 အစီအစဉ်တွေအတိုင်း ဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေ၊ စီးပွားရေး၊ စစ်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေ အကုန်လုံးဟာ သမ္မတထရမ့်ပ်ရဲ့ ‘အမေရိကန်ပထမ’ မူဝါဒအတိုင်း ဆောင်ရွက်နေတာဖြစ်ပြီး အမေရိကန်ပြည်တွင်း နိုင်ငံရေးအစုအဖွဲ့တွေအကြား အားပြိုင်မှုတွေဟာ ပိုပြီး အရှိန်ပြင်းထန် လာတာပါ။
လတ်တလော ကျောင်းသားတွေနဲ့ဆက်စပ်တဲ့ ပြည်ဝင်ခွင့်ဗီဇာ စည်းမျဉ်းအရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတက္ကသိုလ်တွေက ကျောင်းသားတွေ ဆောင်ရွက်သင့်တဲ့ အရာတွေကို အသိပေး ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။
သုတချမ်းသာ











