
နိုက်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း၊ ဆော့ကိုတိုပြည်နယ်မှာ ဩဂုတ် ၂၀ ရက်က လူအများအပြား စီးနင်း လာတဲ့ လှေတစီး မှောက်သွားခဲ့တာကြောင့် ကလေးသူငယ်တွေ အများစု အပါအဝင် လူ ၅၀ ထက် မနည်း သေဆုံးခဲ့ပါတယ်။
ဒီမတော်တဆမှုဟာ ဂိုရွန်ယိုဒေသန္တရအုပ်ချုပ်ရေးနယ်မြေရှိ ဂိုရောကျေးရွာအနီးမှာ ဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ရေကြောင်းအာဏာပိုင်အဖွဲ့ နယ်မြေမန်နေဂျာ အဘဒူကာဒါယူဆွဖ်က ပြောပါတယ်။
သတင်းဗီဒီယိုတွေထဲမှာ ဒေသခံ ရေငုပ်သမားတွေက ရေထဲဆင်းရှာပေးနေပြီး ရွာသားတွေက လှေပေါ် ကနေ ရုပ်အလောင်းတွေကို သယ်ထုတ်နေကြတာကို တွေ့ရပါတယ်။
ဝမ်းနည်းပူဆွေးနေကြတဲ့ ဒေသခံတွေဟာ သေဆုံးသွားသူတွေကို သင်္ဂြိုဟ်ဖို့အတွက် မနေ့က စုဝေး ခဲ့ကြပါတယ်။
ရိုက်တာသတင်းထောက်ရဲ့ မျက်မြင်တွေ့ရှိချက်အရ ဂိုရောရွာရှိ ဗလီကျောင်း အပြင်ဘက်မှာ ဖျာတွေ၊ ရိုးရာအထည်တွေနဲ့ ပတ်ထားတဲ့ ရုပ်အလောင်း ၅၀ ကို တွေ့ရှိခဲ့ရပြီး မနေ့ နှောင်းပိုင်းမှာပဲ သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။
ဒေသခံတယောက်ရဲ့ ပြောကြားချက်အရ အဲဒီလှေပေါ်မှာ စပါးရိတ်သိမ်းဖို့ ငှားရမ်းထားတဲ့ လယ်ပိုင်ရှင်တွေနဲ့ အလုပ်သမား ၇၀ ကျော် လိုက်ပါလာတယ်လို့ သိရပြီး နောက်ထပ် ဒေသခံတယောက်ကတော့ လှေပေါ်မှာ လူ ၅၇ ယောက် လိုက်ပါသွားတာလို့ ပြောပါတယ်။
နိုက်ဂျီးရီးယားမှာ လူပိုတင်တာ၊ လှေတွေကို သေချာထိန်းသိမ်းမှု မရှိတာနဲ့ စည်းကမ်းပိုင်း အားနည်းတာတွေကြောင့် ခုလို မိုးရာသီကာလ ရေလမ်းကြောင်းတွေမှာ လှေမှောက်ပြီး လူသေဆုံး တဲ့ မတော်တဆမှုတွေ ခဏခဏ ဖြစ်ပွားလေ့ ရှိပါတယ်။
Source: Reuters











