DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းတွင် ၈ လအတွင်း ယာဉ်မတော်တဆမှုများကြောင့် ၂၁ ဦးသေဆုံး၊ ၇၈ ဦး ဒဏ်ရာရ
DVB
·
September 11, 2026
ပြီးခဲ့သည့် သြဂုတ်လအတွင်း အမြန်လမ်းပါ် ယာဉ်မတော်တဆဖြစ်ခဲ့စဉ်။ (Photo: အမြန်လမ်းမီးသတ်တပ်ဖွဲ့)
ပြီးခဲ့သည့် သြဂုတ်လအတွင်း အမြန်လမ်းပါ် ယာဉ်မတော်တဆဖြစ်ခဲ့စဉ်။ (Photo: အမြန်လမ်းမီးသတ်တပ်ဖွဲ့)
Donate to DVB

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ယခုနှစ် ၈ လအတွင်း ယာဉ်မတော်တဆမှု ၃၆ ကြိမ် ဖြစ်ပွားခဲ့ပြီး သံဃာတော်တွေအပါအဝင် ၂၁ ယောက် သေဆုံးကာ ၇၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအထိ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ယာဉ်မတော်တဆမှု ၃၆ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၁ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၇၈ ယောက်အထိ ရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်။

အမြန်လမ်းယာဉ်တိုက်မှုတွေကို ကူညီဆောင်ရွက်ပေးနေသူတစ်ယောက်က “သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်း ပါပါတယ်။ ယာဉ်စီးတဲ့အခါ အရေးပေါ်အခြေအနေမှာ ရှောင်တိမ်းဖို့ မလွယ်တဲ့ ကလေးငယ်တွေကို မလိုအပ်ဘဲ ခရီးဝေးယာဉ်တွေနဲ့ ခေါ်ဆောင်သွားလာတာမျိုး မလုပ်ကြဖို့လည်း အကြံပြုချင်ပါတယ်” လို့ ပြောပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအထိ ၈ လအတွင်း ခရီးသည်တင်ကားတွေအပါအဝင် ကားမီးလောင်မှု ၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သိရ ပါတယ်။

စက်တင်ဘာ ၂ ရက်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၃/၆ နဲ့ ၁၃/၇ ကြား၊ မန္တလေးကနေ နေပြည်တော်ဘက်ကို သွားတဲ့လမ်းမှာ ခရီးသည်တင်ယာဉ်တစီး အရှိန်လွန်ပြီး တိမ်းမှောက်ခဲ့တာကြောင့် တယောက် သေဆုံးကာ ၂၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ယာဉ်တိုက်မှု ၇၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ကလေးငယ်တွေအပါအဝင် ၃၃ ယောက် သေဆုံးကာ ၂၀၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။

အမြန်လမ်းအသုံးပြုတဲ့ ယာဉ်မောင်းတွေအနေနဲ့ မောင်းနှင်နေချိန်မှာ လမ်းလုမောင်းတာ၊ ပြိုင်မောင်းတာ၊ ဖုန်းပြောတာ၊ စာတိုပို့တာ၊ လူမှုကွန်ရက်နဲ့ အင်တာနက်အသုံးပြုတာ၊ ရုပ်ရှင်ကြည့်တာ၊ ကွမ်းထွေးတာလို စိတ်အာရုံပျံ့လွင့်စေနိုင်တဲ့ အပြုအမူတွေ မလုပ်ဖို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့က သတိပေးထားပါတယ်။

ဒါ့အပြင် လမ်းမပေါ်မတက်ခင် ယာဉ်ကြံ့ခိုင်မှုနဲ့ တာယာအခြေအနေကို သေချာစစ်ဆေးဖို့၊ မိုးရွာချိန်နဲ့ ညဘက်တွေမှာ အရှိန်လျှော့မောင်းဖို့နဲ့ ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ထားတဲ့ အမြန်နှုန်းထက် ပိုမမောင်းဖို့လည်း သတိပေးထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013