
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ငရုတ်ကောင်းမြို့မှ ထွက်ပြေးလာတဲ့ စစ်အာဏာရှင်ရဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက် ပြန်လည်ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇွန် ၁၅ ရက် ညနေ ၇ နာရီလောက်က ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ နံ့သာပုကျေးရွာအနီး တောစစ်တနေရာမှာ ထွက်ပြေးလာတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ကို စစ်အာဏာရှင်တပ်ဖွဲ့က ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ငပုတောမြို့နယ် စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူက “ကင်းလှည့်စစ်တပ်နဲ့တွေ့လို့ မသင်္ကာလို့ စစ်ဆေးတော့ ထွက်ပြေးလာတာကိုသိပြီး ဖမ်းခံရတာလို့ သိရတယ်။ ရာထူးအဆင့်တွေကိုတော့ မသိသေးဘူး။ တပ်ကပဲ စစ်ဆေးနေတယ်” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ဟာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်ဘက်မှာ တာဝန်ကျနေတဲ့ အသက် ၂၀ ကျော်အရွယ် ရဲတွေဖြစ်ပြီး ဟိုင်းကြီးကျွန်းအခြေစိုက်၊ ပမ္မဝတီရေတပ်သားတွေက ရဲ ၂ ယောက်ကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ရခိုင်ပြည်ဘက်က တပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထွက်ပြေးတဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ပြင်ပကို သတင်းပေါက်ကြားမှုမရှိစေဖို့ တပ်တွင်း ပြင်းပြင်းထန်ထန် သတိပေးတားမြစ်ထားတယ်လို့ သိရပါတယ်။










