DVB Logo
Home
မြန်မာသတင်း
SSA/SSPP နှင့် NRPC တို့ ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေး
DVB
·
February 22, 2019
SSA/SSPP နှင့် NRPC တို့ ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေး
Donate to DVB

အန်စီအေမှာ လက်မှတ်မထိုးရသေးတဲ့ ၀မ့်ဟိုင်းအခြေ SSA/SSPP နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး နဲ့  ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က တာဝန်ရှိသူတွေ ဒီကနေ့မနက်ပိုင်းက နေပြည်တော်မှာ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အစိုးရက လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ် နဲ့ ယုံကြည်မှု တည်ဆောက်ခြင်းတို့အပြင် ဒေသဖွံ့ဖြိုးရေးကိစ္စတွေပါ ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်သူ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSA/SSPP) ပြောခွင့်ရ ဗိုလ်မှူး စိုင်းဖုန်းဟန်က ဒီဗွီဘီကို ပြောပါတယ် ။

“အဓိကကတော့ ကျနော်တို့တွေ မတွေ့ဆုံရတာ ကြာပြီဖြစ်တာကတကြောင်း၊ လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်တွေ၊ တစ်ဆို့မှုတွေအပေါ် နှစ်ဘက်အမြင်သဘော ထားတွေဆွေးနွေးတာပါ၊ ပြီးတော့ ယုံကြည်မှု ဘယ်လိုတည်ဆောက်ကြမလဲပေါ့၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအတွက် ပူးပေါင်းလုပ်ဆောင်ရေးတွေလည်း ဆွေးနွေးခဲ့ပါတယ်။ လမ်းဖောက်လုပ်ရေး ကိစ္စတွေပါတယ်။”

အန်စီအေ (တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်) နဲ့ ပတ်သက်ပြီး သူတို့ဘက်က အားလုံး ပါဝင်လက်မှတ်ရေးထိုးရေး မူဝါဒပေါ်ရပ်တည်ကြောင်း၊ အားလုံးပါဝင်ရေးလို့ဆိုရာမှာ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့တွေတင်မကဘဲ တပြည်လုံးရှိ လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်မှသာ ငြိမ်းချမ်းရေးကိစ္စ ရှေ့ဆက်သွားနိုင်မယ့်အကြောင်း တင်ပြခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာငြိမ်းချမ်းရေးကော်မရှင်ဘက်ကလည်း သူတို့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးနဲ့ တွေ့ဆုံညှိနှိုင်းဖို့ ယုံကြည်မှုတည်ဆောက်ဖို့ ကြိုးစားလျက်ရှိကြောင်း၊ ဒီကနေ့  SSA/SSPP နဲ့ ဆွေ့ဆုံဆွေးေးနွ ယုံကြည်မှုတည်ဆောက်သလို အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ဆက်ပြီးတွေ့ဆုံသွားဖို့ရှိကြောင်း ပြောသွားတယ်လို့ ဆိုပါတယ်။

SSA/SSPP ဘက်ကလည်း ဖမ်းဆီးထောင်ချခံထားရတဲ့ သူတို့တပ်ဖွဲ့ဝင်တွေနဲ့တကွ သူ တို့ အဖွဲ့နဲ့ ပတ်သက်လို့ အဖမ်းခံထားရတဲ့ အရပ်သားတွေ အပါအ၀င် စုစုပေါင်း ၁၇ ဦး လွတ်မြောက်ရေးတောင်းဆိုခဲ့ကြောင်း၊ ငြိမ်းချမ်းရေးကော်မရှင်ဘက်ကလည်း သက်ဆိုင်ရာကို ဆက်လက်တင်ပြပေးမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ အစိုးရငြိမ်းချမ်းရေးကော်မရှင်ဘက်က ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဦးသိန်းဇော်၊ အငြိမ်းစားဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးမင်းနောင်၊ ဦးဇော်ဌေး အစရှိတဲ့ တာဝန်ရှိသူတွေ တက်ရောက်ပြီး  SSA/SSPP ဘက်ကတော့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်စ၀်ခွန်ဆိုင် ဦးဆောင်တဲ့ အဖွဲ့ဝင် ၈ ဦးတို့ တက်ရောက်ခဲ့ပါတယ်။

ဓာတ်ပုံ - SSA/SSPP

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013