
အီတလီနိုင်ငံတောင်ပိုင်း ပူဂလီယာဒေသ၊ ဆန်နီကန်ဒရိုဒီဘာရီမြို့ရှိ မြေအောက်ခန်းတခုမှာ လျှို့ဝှက်နံရံ တခုရဲ့ နောက်ကွယ်ရှိ မြေအောက်ခန်းအခန်းအတွင်း တရားမဝင် ဖွင့်လှစ်ထားတဲ့ တွားသွားသတ္တဝါ မွေးမြူရေးဂေဟာကို အီတလီ စစ်ဘက်ရေးရာ ရဲတပ်ဖွဲ့က ဖော်ထုတ် တွေ့ရှိခဲ့တယ်လို့ မတ် ၂၆ ရက်က ထုတ်ပြန်ပါတယ်။
အဲဒီအခန်းထဲမှာ ၅ မီတာအရှည်ရှိ အနာကွန်ဒါမြွေကြီးမျိုးတွေ၊ စပါးအုံးမြွေတွေ၊ စပါးကြီးမြွေတွေနဲ့ မိကျောင်း တကောင်ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိရစ္ဆာန်တွေဟာ ကာကွယ်ထားတဲ့မျိုးစိတ်တွေဖြစ်ပြီး လူထုလုံခြုံရေးအတွက် အန္တရာယ်ရှိ နိုင်သလို သဘာဝအလျောက်နေထိုင်သင့်တဲ့အခြေအနေတွေနဲ့ မကိုက်ညီတဲ့နေရာမှာ တရားမဝင် မွေးမြူထားတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဖမ်းဆီးရရှိတဲ့ တိရစ္ဆာန်တွေထဲမှာ မိမိရဲ့အစာကို ချုပ်ညှစ်ဖိသတ်နိုင်တဲ့ စပါးကြီးမြွေနဲ့ စပါးအုန်းမြွေ မျိုးစိပ်တွေ၊ အနာကွန်ဒါအကြီးစားမြွေမျိုးစိပ်အစုံ၊ ရေနေဖွတ် တကောင် ပါဝင်ပြီး ရေခဲသေတ္တာထဲ ထည့်ထားတဲ့ အလတ်စား မိကျောင်းတကောင်ကိုလည်း တွေ့ရှိခဲ့ပါတယ်။
အီတလီ စစ်ရေးရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်တွေအရ ဒီသတ္တဝါတွေကို လိုအပ်တဲ့ အထောက်အထား မရှိဘဲ မွေးမြူထားတာကို တွေ့ရှိရပြီး ဒီလောက်အရွယ်အစားကြီးပြီး အန္တရာယ်ရှိနိုင်တဲ့ တိရစ္ဆာန် တွေအတွက် သန့်ရှင်းမှုညံ့ဖျင်းပြီး မသင့်တော်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေမှာ ကျဉ်းကျဉ်း ကျပ်ကျပ် ထားရှိတာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ ဒီတိရစ္ဆာန်အားလုံးကို ကာကွယ်စောင့်ရှောက်ထားသင့်ပြီး အန္တရာယ်ရှိတဲ့ မျိုးစိပ် တွေကို တရားမဝင် လက်ဝယ်ထားရှိမှုနဲ့ သိမ်းဆည်းလိုက်ပြီး အခုတော့ သူတို့ကို စနစ်တကျ ပြုစု စောင့်ရှောက်ပေးနိုင်ပြီး ဘေးကင်းလုံခြုံမှုရှိတဲ့ ခွင့်ပြုချက်ရ ဂေဟာတွေဆီ ပြောင်းရွှေ့လိုက်ပြီ ဖြစ်ပါတယ်။
Source: Reuters










