
လီဗာပူးဂန္ထဝင်ကစားသမား စတီဗင်ဂျရတ် အပါအဝင် နာမည်ကျော် ဂန္ထဝင်ဘောလုံးသမားတွေဟာ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ဘန်ကောက်မြို့မှာ ထိုးရိုးရာ မွေထိုင်းလက်ဝှေ့ ယဉ်ကျေးမှုကို သွားရောက် လေ့လာခဲ့ကြတယ်လို့ Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
စတီဗင်ဂျရတ်၊ စတိဗ်မက်မနာမန်၊ မီချယ်ဆယ်လ်ဂါဒို၊ ကလော့ဒ် မာကီလေးလေးနဲ့ ကွင်တန်ဖို့ချွန်း တို့ အပါအဝင် ကမ္ဘာကျော် ဘောလုံးသမားဟောင်းတွေဟာ ထိုင်းနိုင်ငံရဲ့ အထင်ကရအဖြစ်ဆုံး မွေထိုင်းအားကစားကွင်းဖြစ်တဲ့ ဘန်ကောက်မြို့က ရာဇာဓမ္မနန် အားကစားကွင်းကို သွားရောက်ပြီး မွေထိုင်းလက်ဝှေ့ကို လေ့လာရင်းပါဝင် လေ့ကျင့်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဘောလုံးသမားတွေကို မွေထိုင်းစူပါစတား ဘွားခေါင်နဲ့ ရာဇာဓမ္မနန်ကွင်း ချန်ပီယံ ဒန်နီယယ် ရိုဒရီဂွက်ဇ်တို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး အားကစားကွင်းရဲ့ သမိုင်းကြောင်းကို လိုက်လံရှင်းလင်းပြသကာ အမှတ်တရလက်ဆောင်တွေ အပြန်အလှန် လဲလှယ်ခဲ့ကြပါတယ်။
ဒါ့အပြင် အထူးလေ့ကျင့်ရေးအစီအစဉ်မှာ မွေထိုင်းလက်ဝှေ့ကျော် ဘွားခေါင်နဲ့ ဒန်နီယယ်တို့က ဘောလုံးဂန္ထဝင်တွေကို အခြေခံမွေထိုင်းနည်းစနစ်တွေနဲ့ ရိုးရာကန်တော့ပွဲ အခမ်းအနားတို့ကို သင်ကြားပြသပေးခဲ့ကြပါတယ်။
အဆိုပါ ဘောလုံးကြယ်ပွင့်ဟောင်းတွေဟာ မေ ၉ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့တဲ့ Living Legends ဘောလုံးပွဲတော်ကို တက်ရောက်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။
စတီဗင်ဂျရတ်ဟာ လီဗာပူးနဲ့ အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်းဖြစ်ပြီး စတိဗ် မက်မနာမန်ကတော့ လီဗာပူးနဲ့ ရီးရဲမက်ဒရစ်အသင်းမှာ ကစားခဲ့ပါတယ်။ မီချယ်ဆယ်လ်ဂါဒိုက ရီးရဲလ်အသင်းရဲ့ ဂန္ထဝင် နောက်ခံလူဟောင်းတယောက်ဖြစ်ပြီး မာကီလေးလေးကတော့ ကွင်းလယ်အဖျက်ကစားသမားသမားအဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ချဲလ်ဆီးအသင်းတွေမှာ အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ ပြင်သစ်လက်ရွေးစင် ကစားသမားဟောင်း ဖြစ်ပါတယ်။
ကွင်တန်ဖို့ချွန်းကတော့ တောင်အာဖရိက ကစားသမားဖြစ်ပြီး မန်ယူနိုက်တက်အသင်းမှာ ၇ နှစ်ကြာ ကစားခဲ့ကာ နည်းပြ ဖာဂူဆန် လက်ထက်မှာ အသင်းအတွက် အားကိုးရတဲ့ ကစားသမားတယောက် ဖြစ်ခဲ့ပါတယ်။
အဆိုပါ ဂန္ထဝင်ဘောလုံးသမားတွေ အားလုံးဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေနဲ့ ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလတွေမှာ ဘောလုံးလောကကို စိုးမိုးခဲ့တဲ့ နာမည်ကျော်ကစားသမားတွေ ဖြစ်ကြပါတယ်။
Source: Khaosod










