ပြီးခဲ့တဲ့ရာသီကမှ ပရီးမီးယားလိဂ်ဖလား ရယူပေးခဲ့တဲ့ နည်းပြ အာနဲစလော့ကို လီဗာပူးအသင်းက ရာထူးကနေ ထုတ်ပယ်လိုက်တဲ့အပေါ် အံ့အားသင့်မိကြောင်း လီဗာပူးအသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်ကTNT Sports မှာ ပြောကြားခဲ့ပါတယ်။
ဂျရတ်က ယာဂန်ကလော့ပ်ရဲ့ နေရာကို ဆက်ခံပြီး ပထမနှစ်မှာတင် ချန်ပီယံဖလား ရယူပေးနိုင်ခဲ့တဲ့ စလော့ရဲ့ စွမ်းဆောင်ရည်ကို သမိုင်းမှာ အမြဲမှတ်မိနေမှာဖြစ်ပမဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ အသင်းရဲ့ ကစားဟန်က ကြည့်ရဆိုးလာတာကြောင့် အခုလို ထုတ်ပယ်လိုက်တာဟာ အချိန်ကိုက် ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။
စလော့ရဲ့နေရာမှာ အစားထိုးဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ ဘုန်းမောက်နည်းပြဟောင်း အီရာအိုလာနဲ့ ပတ်သက်လို့ ဂျရတ်က “သူ့ရဲ့ ကစားကွက်ပုံစံက လီဗာပူးနဲ့ အံဝင်ခွင်ကျဖြစ်မှာပါ” လို့ ထောက်ခံခဲ့ပြီး၊ လီဗာပူးလို ကလပ်မျိုးဟာ နောက်ထပ်ခန့်မဲ့ နည်းပြကို သေချာကြိုတင် စနစ်တကျ ပြင်ဆင်ပြီးမှသာ အခုလို ဆုံးဖြတ်ချက်မျိုး ချလေ့ရှိကြောင်းလည်း ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။










