
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲကို ဩဂုတ် ၁၀ ရက် ညနေ ၅ နာရီဝန်းကျင်မှာ စစ်အာဏာရှင်တပ်က ဂျိုင်ရိုကော်ပတာတွေနဲ့ ဗုံးကြဲချခဲ့တာကြောင့် ဒေသခံပြည်သူတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့သလို လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံဆရာတော်တပါးက “ချောင်းဦးမြို့နယ်ရဲ့ တောင်ဘက်ခြမ်းကို ဂျိုင်ရိုကော်ပတာတွေနဲ့ ဗုံးကြဲခံလိုက်ရတာမှာ မင်းခေါင်ရွာထဲကို ဗုံး ၃ လုံး ကျတယ်။ အိမ် ၃ လုံး ပျက်စီးသွားပြီးတော့ အမျိုးသား ၁ ယောက် နောက်ကျောနဲ့ ခြေထောက်တွေမှာ အပြင်းအထန်ဒဏ်ရာရပြီးတော့ ဆေးကုသမှု ခံယူနေရတယ်။ သူ့မိသားစုက ငွေကြေးမပြည့်စုံကြဘူးလို့လည်း သိရတယ်” လို့ ပြောပါတယ်။
အဆိုပါ မင်းခေါင်ကျေးရွာနဲ့အနီး ဝန်းကျင်တွေကို ဗုံးကြဲသွားကြတဲ့ ဂျိုင်ရိုကော်ပတာတွေဟာ စစ်တပ်လက်အောက်ခံ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ထဲကနေ တက်လာကြတာလို့ ဆိုပါတယ်။
လျှပ်စီးတပ်ခွဲရဲ့ တပ်ဖွဲ့ဝင်ရဲဘော်တယောက်က “နမခ ထဲက တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၄ စင်းနဲ့ မင်းခေါင်ရွာဝန်းကျင်ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ ပြည်သူတွေ နေထိုင်ကြတဲ့ နေရာတွေကို ပစ်မှတ်ထားပြီး ဗုံးပတ်ကြဲသွားတာပါဗျ” လို့ ပြောပါတယ်။
သက်ဆိုင်ရာနယ်မြေအလိုက် တော်လှန်ရေးအင်အားစုတွေဘက်က စစ်တပ်ရဲ့ လေကြောင်းရန်အန္တရာယ်တွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေတာဖြစ်လို့ ပြည်သူတွေအနေနဲ့ အလေးထား လိုက်နာကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။










