
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ ထိုင်းနိုင်ငံသား အမည်ခံပြီး တရားမဝင် စီးပွားရေးလုပ်နေတဲ့ မြန်မာ ၇ ယောက် အပါအဝင် နိုင်ငံခြားသား ကွန်ရက်တွေကို ထိုင်းအမျိုးသားရဲတပ်ဖွဲ့က စစ်ဆေး အရေးယူခဲ့ပြီးနောက် ထိုင်းမှာ စီးပွားရေးလုပ်မဲ့သူတွေ ထိုင်းဥပဒေကို သေချာနားလည်သူတွေနဲ့ ဆက်သွယ် လုပ်ဆောင်ဖို့ ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။
ထိုင်းနိုင်ငံရဲ့ ဥပဒေဟာကွက်တွေကို အသုံးချပြီး တရားမဝင် အကျိုးအမြတ်ရှာနေတဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုတွေကို တားဆီးဖို့နဲ့ နိုင်ငံတော် စီးပွားရေးစနစ်ကို ကာကွယ်ဖို့အတွက် ချင်းမိုင်ခရိုင်အတွင်းက အမည်ခံ (Nominee) စီးပွားရေးကွန်ရက်တွေကို လိုက်လံစစ်ဆေးခဲ့တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ဇူလိုင် ၂၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ချင်းမိုင်ခရိုင်ထဲက ကုမ္ပဏီပေါင်း ၃၃,၀၀၀ ကျော်ကို စစ်ဆေးခဲ့ရာမှာ နိုင်ငံခြားသား ပါဝင်တဲ့ ကုမ္ပဏီပေါင်း ၄,၇၀ဝ ကျော်ရှိနေပြီး၊ အဲဒီထဲက ၁,၅၀၀ ကျော်ဟာ အမည်ခံကုမ္ပဏီအဖြစ် သံသယဖြစ်ဖွယ် တွေ့ရှိခဲ့တာပါ။
ဒါကြောင့် တရားရုံးအမိန့်စာနဲ့ နေရာ ၁၈ နေရာကို သွားရောက်စစ်ဆေးခဲ့ပြီး လူ ၂၂ ယောက်ကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
ဖမ်းဝရမ်းထုတ်ခံရသူ ၂၂ ယောက်ထဲမှာ ထိုင်းနိုင်ငံသား ၂ ယောက်၊ မြန်မာ ၇ ယောက်၊ တရုတ် ၉ ယောက်၊ အိန္ဒိယ ၃ ယောက်နဲ့ ဗြိတိန် ၁ ယောက် ပါဝင်ပါတယ်။ သူတို့ဟာ ထိုင်းလူမျိုး အမည်ခံကို အသုံးပြုပြီး ဘတ်သန်း ၆၃၃ သန်း တန်ဖိုးရှိတဲ့ မြေကွက်တွေကို ဝယ်ယူပိုင်ဆိုင်ထားကြတာလို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။
ဒီလို အဖမ်းအဆီးအစစ်ဆေးတွေ တင်းကျပ်နေတဲ့ကာလမှာ ထိုင်းရောက် မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ တရားဝင်စာရွက်စာတမ်းတွေလုပ်ပြီး ကုမ္ပဏီထောင်ထားပေမဲ့ ထိုင်းဥပဒေအရ ထိုင်းနိုင်ငံသား ၅၁ ရာခိုင်နှုန်းနဲ့ နိုင်ငံခြားသား ၄၉ ရာခိုင်နှုန်း အချိုးကျ ပိုင်ဆိုင်မှု ခွဲဝေရတာတွေ၊ နိုင်ငံခြားသား ဝန်ထမ်းတယောက်အတွက် ထိုင်းနိုင်ငံသား ၄ ယောက် ခန့်ရတာနဲ့ အလုပ်လုပ်ခွင့် ပါမစ် (Work Permit)၊ ဗီဇာ စည်းမျဉ်းတင်းကျပ်မှုတွေအပြင် အလုပ်သမား ခန့်တဲ့နေရာမှာလည်း အလုပ်ရှင်နဲ့ အလုပ်ကိုင်အမျိုးအစားမတူရင် အဖမ်းခံရနိုင်ပါတယ်။
ဒါ့အပြင် နိုင်ငံခြားသားတွေက ငွေသားတိုက်ရိုက်လက်ခံခွင့်မရှိတဲ့ ဥပဒေကြောင့် စားသောက်ဆိုင်လုပ်ငန်း၊ ကားငှားလုပ်ငန်း စတဲ့ ဘယ်စီးပွားရေးလုပ်ငန်းတွေမှာမဆို ဘယ်လောက်ပဲ အထောက်ထားအစုံရှိပါစေ၊ ထိုင်းဥပဒေရဲ့ ဟာကွက်တွေကြောင့် ခက်ခဲနေတာလို့ စီးပွားရေးလုပ်ငန်းရှင်းတယောက်က ရှင်းပြပါတယ်။
ချင်းမိုင်ရှိ မြန်မာစီးပွားရေးလုပ်ငန်းရှင်တယောက်က “သာမန်ကာလျှံကာပဲ ထိုင်းသူဌေး ငှားမယ်၊ ငါတို့က တရားဝင်စာရွက်စာတမ်းတင်မယ်၊ ဘယ်လောက်ပဲ တရားဝင် စာရွက်စာတမ်းတင်တင် ထိုင်းနိုင်ငံရဲ့ ဥပဒေအရ အလုပ်လုပ်ခွင့်မရှိတဲ့ အလုပ်တွေကို လုပ်မိရင်တော့ ထိုင်းဥပဒေနဲ့ အရေးယူခံရနိုင်ပါတယ်။ အကြံဉာဏ်ပေးရမယ် ဆိုရင်တော့ ထိုင်းမှာ စီးပွားရေး လုပ်မယ်၊ မိသားစုတွေ အခြေချဖို့အတွက် စဉ်းစားလာမယ်ဆိုလို့ရှိရင်တော့ ထိုင်းဥပဒေကို တိတိပပ နားလည်တဲ့လူ၊ မှန်မှန်ကန်ကန်လုပ်နိုင်တဲ့ အကျိုးဆောင်တွေနဲ့ ဆက်သွယ်ပြီးတော့ပဲ လုပ်ဖို့ အကြံပေးချင်ပါတယ်”လို့ ပြောပါတယ်။
နိုင်ငံတော် စီးပွားရေးစနစ်ကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ခရီးသွားအလာများတဲ့ ချင်းမိုင်၊ ဖူးကက်၊ စူရတ်ဌာနီနဲ့ ချွန်းပူရီ၊ ဘန်ကောက် စတဲ့မြို့တွေမှာ ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးမှုတွေက ထိုင်းနိုင်ငံရဲ့ အခြေခံစီးပွားရေးကို ရိုက်ခတ်လာနေပါတယ်။
ဘန်ကောက်မြို့က နာမည်ကြီး ချတ်တူးချတ်ဈေးမှာ ဆိုရင် အခုရက်ပိုင်းအတွင်း အရောင်းအဝယ်တွေ အရောင်းအဝယ်နည်းပြီး ဆိုင်တွေပိတ်ရတဲ့အထိ ဖြစ်သွားတာကြောင့် ဈေးသည် ၁,၀၀၀ ကျော်က မြို့တော်ဝန်ဆီ အကူအညီတောင်းခံရတဲ့အထိ ဖြစ်လာနေပါတယ်။
ထိုင်းရောက် မြန်မာတွေအနေနဲ့ ဒီအခြေအနေတွေကို ကြံ့ကြံ့ခံပြီး ကျော်ဖြတ်ကြဖို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက တိုက်တွန်း ပါတယ်။
“မြန်မာရွှေ့ပြောင်းလုပ်သားတွေ အသွားအလာ နည်းလာတာနဲ့အမျှ ထိုင်းရဲ့ အခြေခံစီးပွားရေး အဆောက်အအုံတခုလုံး အပြန်အလှန် ရိုက်ခတ်မှု ရှိနေတာကို ချတ်တူးချတ်ဈေး ရောင်းဝယ်ရေး ပျက်ပြားသွားတာက သာဓကပြနေပါတယ်။ ဒီကြားထဲမှာ ‘ဒီအာချီဝ’ လို အစွန်းရောက်အဖွဲ့တွေရဲ့ အနိုင်ကျင့်မှုတွေ၊ နဂိုကတည်းက သတိမထားမိဘဲ လုပ်ငန်းနယ်ကျွံခဲ့တဲ့ စိန်ခေါ်မှုတွေကြောင့် မြန်မာတွေ ရှေ့မတိုးသာ နောက်မဆုတ်သာ ဘေးကျပ်နံကျပ် ဖြစ်နေပေမဲ့၊ ဒီကျပ်တည်းတဲ့ ကာလကို ကြံ့ကြံ့ခံ ရပ်တည်ကျော်ဖြတ်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။"
လက်ရှိမှာတော့ ထိုင်းအစိုးရအနေနဲ့ အမည်ခံ စီးပွားရေးလုပ်ငန်းတွေကို စီမံချက်နဲ့ အရှိန်အဟုန်မြှင့် နှိမ်နင်းနေသလို၊ အခြေခံ ရွှေ့ပြောင်းလုပ်သားတွေနဲ့ သမာအာဇီဝ လုပ်ကိုင်နေသူတွေပါ ရိုက်ခတ်မှု ကြုံတွေ့နေရတာကြောင့် ထိုင်းရောက်မြန်မာတွေအနေနဲ့ ထိုင်းဥပဒေရေးရာ စည်းမျဉ်းတွေကို သတိထားစောင့်ကြည့် လုပ်ကိုင်ကြဖို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက အကြံပြုထားကြပါတယ်။
တဖက်မှာလည်း ဘန်ကောက်အခြေစိုက် NIDA တက္ကသိုလ်က တရုတ်ကလေးတွေ ထိုင်းနိုင်ငံသား ဖြစ်ခွင့်ရသွားတဲ့ကိစ္စမှာ အရာရှိတွေနဲ့ ဆေးရုံဝန်ထမ်းတွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ဖြစ်ရပ်တွေကြောင့် ပြည်သူ ၁,၃၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့ရာမှာ နိုင်ငံခြားသားတွေ တရားမဝင် စီးပွားရေးလုပ်နိုင်အောင် အဓိက လမ်းဖွင့်ပေးနေတာဟာ “လာဘ်စားတဲ့ အစိုးရအရာရှိတွေကြောင့်” ဖြစ်တယ်လို့ ပြည်သူ ၆၇ ရာခိုင်နှုန်းကျော်က ထောက်ပြထားကြပါတယ်။










