ယူကရိန်းမှာ တာဝေးပစ်ဒုံးကျည်တွေ ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့ အသေးစိတ် နည်းပညာပုံစံ Blueprint တွေ ပေးအပ်မဲ့ အစီအစဉ်နဲ့ ဗြိတိန်ဝန်ကြီးချုပ် အန်ဒီဘန်နမ်ဟာ ဩဂုတ် ၂၄ ရက်မှာ ကိယက်ဗ်မြို့ကို ရောက်ရှိလာပါတယ်။
ဒါဟာ ဘန်နမ် ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်သလို ယူကရိန်း လွတ်လပ်ရေး ၃၅ နှစ်ပြည့်နေ့နဲ့လည်း တိုက်ဆိုင်ပါတယ်။
ဘန်နမ်ဟာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ တွေ့ဆုံပြီး ယူကရိန်းကို ထောက်ခံတဲ့ Coalition of the Willing အဖွဲ့ အစည်းအဝေးကိုလည်း ပူးတွဲဦးဆောင်မှာ ဖြစ်ပါတယ်။
ဥရောပဒုံးကျည်ကုမ္ပဏီ MBDA ကို SCALP တာဝေးပစ် ခရုဇ်ဒုံးကျည်မှာ သုံးထားတဲ့ ဗြိတိန်ထုတ် အစိတ်အပိုင်းတွေရဲ့ လျှို့ဝှက်နည်းပညာအချက်အလက်နဲ့ Blueprint တွေကို ဗြိတိန်က ပေးအပ်မှာဖြစ်ပါတယ်။
ဒီနည်းပညာတွေကို အသုံးပြုပြီး ပြင်သစ်နဲ့ ယူကရိန်းက SCALP ဒုံးကျည်တွေကို ယူကရိန်းမှာ တပ်ဆင်ထုတ်လုပ်နိုင်မဲ့ ထုတ်လုပ်ရေးလိုင်းတွေ တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။
SCALP ဟာ ဗြိတိန်ရဲ့ Storm Shadow နဲ့ နည်းပညာတူတဲ့ ဒုံးကျည်ဖြစ်ပြီး ကီလိုမီတာ ၂၄၁ ဝန်းကျင် အကွာက ပစ်မှတ်တွေကို တိုက်ခိုက်နိုင်ပါတယ်။
ဘန်နမ်က “ယူကရိန်းရဲ့ လုံခြုံရေးဟာ ကျနော်တို့ရဲ့ လုံခြုံရေးပါ” လို့ ပြောပြီး လိုအပ်သရွေ့ ယူကရိန်းဘက်က ဆက်ရပ်တည်မယ်လို့ ဆိုပါတယ်။
ရုရှားကတော့ ဗြိတိန်ထုတ် ဒရုန်းတွေကို ယူကရိန်းက ရုရှားနယ်မြေထဲ တာဝေးတိုက်ခိုက်မှုတွေမှာ အသုံးပြုခဲ့တာနဲ့ပတ်သက်ပြီး ဗြိတိန်ကို ပြီးခဲ့တဲ့သီတင်းပတ်က “အကျိုးဆက်တွေ ရှိလာမယ်” လို့ သတိပေးထားပါတယ်။
ယူကရိန်းက ရုရှားရဲ့ ရေနံချက်စက်ရုံတွေနဲ့ ထောက်ပံ့ပို့ဆောင်ရေးနေရာတွေကို တာဝေးပစ်လက်နက်တွေနဲ့ ပိုမိုတိုက်ခိုက်လာချိန်မှာ အခု Blueprint နဲ့ နည်းပညာမျှဝေမှုဟာ ယူကရိန်းရဲ့ ပြည်တွင်း တာဝေးပစ်ဒုံးကျည် ထုတ်လုပ်နိုင်စွမ်း မြှင့်တင်ဖို့ အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်ပါတယ်။











