
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ပတ်ဝန်းကျင်မှာ စစ်အာဏာရှင်တပ်က စစ်ကြောင်းလှုပ်ရှားပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ နေ့တိုင်း ဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
KIA ဘက်က ထိုးစစ်ဆင်တာတွေ ရပ်နားထားပေမဲ့ စစ်တပ်ဘက်ကတော့ ထိုးစစ်ဆင် တိုက်ခိုက်လာလို့ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတယ်လို့ ကချင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
“ကျနော်တို့ဘက်က ထိုးစစ်ရပ်ထားတော့ သူတို့(စစ်တပ်) တဖြည်းဖြည်းနဲ့ နည်းနည်းစီရွှေ့ပြီး ထိုးလာတယ်။ ကျနော်တို့ဘက်က မထိုးတော့ သူတို့က တနေရာကိုထိုးလိုက် နောက်တနေရာ ထိုးလိုက် ပတ်ပြီးထိုးနေတာ။ အဲဒါကြောင့် မြေပြင်မှာ တိုက်ပွဲတွေက နေ့တိုင်း ဖြစ်နေတယ်။”
စစ်အာဏာရှင်တပ်ရဲ့ မြေပြင်ထိုးစစ်တွေကြောင့် ရှေ့တန်းနေရာတချို့ နောက်ဆုတ်ပေးလိုက်တာ ရှိတယ်လို့လည်း သိရပါတယ်။
ဗန်းမော်မြို့ပတ်ဝန်းကျင်မှာ မြေပြင်တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေပေမဲ့ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာတွေတော့ မရှိဘူးလို့ ဗန်းမော်က ရှေ့တန်းသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
“လေယာဉ်နဲ့ လာပစ်တာတော့ မရှိဘူး၊ လေယာဉ် မလာတာ အတော်ကြာနေပြီ” လို့ ပြောပါတယ်။
စစ်တပ်ဘက်က နယ်မြေစိုးမိုးထားနိုင်တဲ့ မြို့တွင်းနေရာက ပြည်သူတွေရဲ့ နေအိမ် အများအပြား မီးရှို့ရှင်းလင်းခံရတာတွေလည်း ရှိပါတယ်။
KIA ထိန်းချုပ်ထားတဲ့ ရွှေဂူမြို့နယ်မှာလည်း စစ်ကိုင်းတိုင်း ငအိုးဘက်က ထိုးစစ်ဆင်လာတဲ့ စစ်အာဏာရှင်တပ်ဖွဲ့တွေနဲ့ KIA တပ်တို့ တိုက်ပွဲဖြစ်ပွားနေသလို ရှမ်းမြောက် မဘိမ်းမြို့တွေကိုလည်း စစ်တပ်က စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။










