
FBI ဒါရိုက်တာဟောင်း ဂျိမ်းစ်ကိုမီးဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တယ်ဆိုတဲ့ စွဲချက်အတွက် ဧပြီ ၂၉ ရက်က အာဏာပိုင်တွေဆီမှာ ကိုယ်တိုင် လာအဖမ်းခံခဲ့ပါတယ်။
အဲဒီနောက်မှာတော့ တရားသူကြီးက ကိုမီးကို အထူးကန့်သတ်ချက် မထားဘဲ ပြန်လွှတ်ပေးခဲ့ပေမဲ့ အမှုကိုတော့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် မေလက ကိုမီးရဲ့ အင်စတာဂရမ်မှာ တင်ခဲ့တဲ့ "၈၆ ၄၇" ဆိုတဲ့ ပင်လယ်ခရုခွံ ပုံကြောင့် အခုလို စွဲချက်တင်ခံရတာ ဖြစ်ပါတယ်။
“၈၆” ဆိုတာ “get rid of” ဖယ်ရှားပစ်ဖို့လို့ အဓိပ္ပာယ်ရတဲ့ ဗန်းစကားဖြစ်ပြီး၊ ၄၇ ဆိုတာ ၄၇ ဆက်မြောက် သမ္မတ ထရမ့်ပ်ကို အကြမ်းဖက်ဖို့ အားပေးတာလို့ အစိုးရရှေ့နေတွေက စွပ်စွဲခဲ့ပါတယ်။
ဒီအတွက် သမ္မတရဲ့ အသက်အန္တရာယ်နဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေဖို့ ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်မှု၊ ပြည်နယ်ဖြတ်ကျော် ဆက်သွယ်ရေးကနေတဆင့် သတ်ဖြတ်ဖို့ ခြိမ်းခြောက်မှုတွေနဲ့ စွဲချက်တင်ထားပြီး၊ ဒီစွဲချက် တခုစီအတွက် အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်ပါတယ်။
သူကတော့ အပြစ်မရှိကြောင်း ငြင်းဆန်ခဲ့ပြီး “ဒီကိစ္စက ပြီးသွားမှာမဟုတ်ပါဘူး၊ ဒါပေမဲ့ ကျနော် အပြစ်ကင်းဆဲပါ၊ ကျနော် မကြောက်သေးသလို လွတ်လပ်တဲ့ ဖက်ဒရယ်တရားစီရင်ရေးကို ယုံကြည်နေဆဲပါ” လို့ ဧပြီလ ၂၈ ရက်နေ့က ဗီဒီယိုထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။
သမ္မတ ထရမ့်ပ်ကတော့ ကိုမီးဟာ မရိုးသားသူဖြစ်ကြောင်းနဲ့ “လူဆိုးဂိုဏ်းတွေက တစုံတယောက်ကို သတ်ချင်တဲ့အခါ ၈၆ ဆိုတဲ့ စကားလုံးကို သုံးကြတယ်”လို့ ပြောပါတယ်။
ဒီပို့စ်ဟာ သူ့အတွက် အန္တရာယ်ရှိသလားလို့ မေးတဲ့အခါ “ဖြစ်နိုင်ပါတယ်၊ ကိုမီးလို လူတွေက နိုင်ငံရေးသမားတွေနဲ့ တခြားသူတွေအတွက် ကြီးမားတဲ့ အန္တရာယ်တွေကို ဖန်တီးခဲ့တယ်” လို့ သမ္မတက ဆိုပါတယ်။
ဥပဒေပညာရှင်တွေကတော့ စကားလုံးတွေဟာ ရာဇဝတ်မှု မမြောက်တာကြောင့် ဒီစွဲချက်တွေအပေါ် မေးခွန်းထုတ်နေကြပါတယ်။
အခုအမှုဟာ သမ္မတရဲ့ ဒုတိယသက်တမ်းမှာ တရားရေးဌာနက ကိုမီးကို ဒုတိယအကြိမ်မြောက် ရာဇဝတ်မှုနဲ့ စွဲချက်တင်ခဲ့တာပဲ ဖြစ်ပါတယ်။











