
ထိုင်းနိုင်ငံ၊ မြို့တော်ဘန်ကောက်မှာ လူ ၆ ယောက် သေဆုံးခဲ့ရတဲ့ ရထားနဲ့ ဘတ်စ်ကား တိုက်မိခဲ့တဲ့ ဖြစ်စဉ်ပြီးမှာ ရထားလမ်းဖြတ်ကျော်နေရာတွေကို ဥမင်လိုဏ်ခေါင်း ဒါမှမဟုတ် အဆင့်မြင့်ခုံးကျော် လမ်းတံတားတွေနဲ့ အစားထိုးသွားမယ်လို့ ဝန်ကြီးချုပ် အနုထင်းက ကတိပြု ပြောကြားလိုက်ပါတယ်။
ဘန်ကောက်မြို့ မက္ကဆန် ရထားလမ်းဖြတ်ကျော်နေရာ အာဆုတ်ခ်နဲ့ ဖတ်ချာဘူရီ လမ်းဆုံးမှာ မေ ၁၆ ရက်က ကုန်တင်ရထားတစင်းနဲ့ အများပြည်သူစီး ဘတ်စ်ကားတစီးတို့ ပြင်းထန်စွာ တိုက်မိခဲ့ပြီး ဘတ်စ်ကား မီးလောင်ကျွမ်းခဲ့လို့ လူ ၈ ယောက် သေဆုံးကာ ၃၂ ယောက် ဒဏ်ရာရရှိခဲ့တာပါ။
ဒီနောက် ရထားလမ်းဖြတ်ကျော်နေရာတွေကို ဥမင်လိုဏ်ခေါင်းတွေ ဒါမှမဟုတ် အဆင့်မြင့်ခုံးကျော် လမ်းတံတားတွေနဲ့ အစားထိုးဆောက်လုပ်ဖို့ အပါအဝင် ရေရှည်ဘေးကင်းလုံခြုံရေး အစီအမံတွေ ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက ပြောပါတယ်။
ဝန်ကြီးချုပ်ဟာ မနေ့က ကာမီလီယံဆေးရုံကို သွားရောက်ကာ အသက်ရှင်ကျန်ရစ်သူတွေကို ကြည့်ရှုအားပေးခဲ့ပြီး အာဏာပိုင်တွေအနေနဲ့ အန္တရာယ်ရှိတဲ့ ရထားလမ်းဖြတ်ကျော်နေရာတွေကို လျစ်လျူရှုထားလို့ မရတော့ဘူးလို့ ပြောဆိုခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ်က ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ဘန်ကောက်အများ ပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (BMTA)နဲ့ ထိုင်းနိုင်ငံတော်ရထားလမ်းလုပ်ငန်း (SRT) တို့က အဆင့်မြင့်အရာရှိကြီးတွေနဲ့အတူ ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်နဲ့ အထွေထွေလူနာဆောင်ရှိ လူနာတွေထံ သွားရောက်ကြည့်ရှုခဲ့ပြီး၊ သေဆုံး ဒဏ်ရာရရှိသူတွေရဲ့ မိသားစုဝင်တွေကို အပြည့်အဝ ကူညီပံ့ပိုးပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
ဒါ့အပြင် သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေရဲ့ မိသားစုဝင်တွေထံ ဝမ်းနည်းကြောင်း သဝဏ်လွှာပါးခဲ့ပြီး ဒီဖြစ်ရပ်အတွက် အလွန်ပင် စိတ်နှလုံးထိခိုက်ကြေကွဲဖွယ်ကောင်းတဲ့ အကြောင်း ပြောကြားခဲ့ပါတယ်။
“ဒီလို ရုတ်တရက် စိတ်ဒဏ်ရာရစရာဖြစ်ရပ်မျိုး ကြုံပြီးနောက်မှာ ဘယ်သူမှ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်နေမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ဘတ်စ်ကားမောင်းသမားနဲ့ စပယ်ယာတို့ဟာ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တော်တော်လေး ဆိုးရွားနေပါတယ်။ လောလောဆယ်မှာတော့ ဥပဒေကြောင်းအရ ဆောင်ရွက်စရာရှိတာတွေ ဆောင်ရွက်နေစဉ်အတွင်း သူတို့ ပြန်လည်ကောင်းမွန်လာစေဖို့ သေချာဂရုစိုက်ပေးရမှာက အဓိက ဦးစားပေးပါပဲ။”
ရဲတပ်ဖွဲ့ကတော့ ရထားမောင်းသူကို လူသေဆုံးမှုနဲ့ ပြင်းထန်စွာ ဒဏ်ရာရရှိမှုဖြစ်စေတဲ့ ပေါ့ဆစွာ မောင်းနှင်မှုနဲ့ တရားစွဲဆိုထားပြီး၊ ရထားလမ်းဖြတ်ကျော် ဂိတ်တာဝန်ခံနဲ့ တခြား ပတ်သက်ဆက်နွှယ်နေတဲ့ အရာရှိတွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ဆက်လက် စုံစမ်းစစ်ဆေးနေပါတယ်။
သေဆုံးသူတွေရဲ့ မိသားစုတွေးအတွက် ကနဦး လျော်ကြေးငွေမှာ တယောက်ကို ဘတ် ၁ သန်းခွဲ သန်းအထိ ရရှိနိုင်ဖို့ မျှော်မှန်းထားပြီး၊ ဒဏ်ရာရရှိခဲ့သူတွေကတော့ ဒဏ်ရာအခြေအနေပေါ် မူတည်ပြီး ဘတ် ၈၀,၀၀၀ မှ ၅၀၀,၀၀၀ အကြား ရရှိမှာ ဖြစ်ပါတယ်။
Source: Bangkok Post











