အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က “NATO က ကျနော်တို့လိုတဲ့အချိန် မရှိခဲ့ပါဘူး။ ကျနော်တို့ ထပ်ပြီး လိုအပ်မယ်ဆိုရင်လည်း NATO အဖွဲ့ ရှိမှာမဟုတ်ဘူး” လို့ ပြောပါတယ်။
အခုလို NATO အဖွဲ့နဲ့ပတ်သက်ပြီး ဝေဖန်ထားတဲ့ ပို့စ်ကို Truth ဆိုရှယ်မီဒီယာမှာ ဧပြီ ၈ ရက်က ထရမ့်ပ်က တင်ထားတာပါ။
အီရန်စစ်ပွဲအရေးနဲ့ပတ်သက်ပြီး NATO အထွေထွေအတွင်းရေးမှူး မာ့ခ်ရူတေနဲ့ သီးသန့်တွေ့ဆုံခဲ့ပြီး ထရမ့်ပ်က သူ့ရဲ့စိတ်ပျက်မှုတွေကို အခုလို ဖော်ပြခဲ့တာပါ။
“NATO မဟာမိတ်အဖွဲ့ဝင်အများစုကို သူက တော်တော်စိတ်ပျက်နေတယ်။ သူ့ဘက်ကအမြင်ကို ကျနော် နားလည်နိုင်ပါတယ်” လို့ မာ့ခ်ရူတေက CNN ကို ပြောခဲ့ပါတယ်။
ထရမ့်ပ်နဲ့ မာ့ခ်ရူတေတို့ဟာ အိမ်ဖြူတော်မှာ ၂ နာရီကျော်ကြာ တွေ့ဆုံခဲ့တာပါ။
“ဒီဆွေးနွေးပွဲက အရမ်းပွင့်လင်းတယ်။ ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးတယ်၊ ဒါပေမဲ့ ရင်းနှီးတဲ့ မိတ်ဆွေ ၂ ဦးကြားက ဆွေးနွေးမှု ပုံစံမျိုးပေါ့” လို့ မာ့ခ်ရူတေက ဆိုပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ လဲဗစ် ကတော့ “သူတို့ အီရန်စစ်ပွဲအတွင်းမှာ အစမ်းသပ်ခံရတယ်၊ သူတို့ ကျရှုံးတယ်” ဆိုပြီး ထရမ့်ပ်ရဲ့စကားကို ကိုးကားပြီး NATO အဖွဲ့ကို ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။
NATO အဖွဲ့ဝင်နိုင်ငံတွေဟာ အီရန်စစ်ပွဲမှာ အမေရိကန်ကို ပံ့ပိုးဖို့ ငြင်းဆိုခဲ့ကြသလို စစ်လေယာဉ်တွေ စေလွှတ်ဖို့၊ ရေတပ်ဖွဲ့တွေ စေလွှတ်ဖို့ ငြင်းခဲ့တာပါ။
မာ့ခ်ရူတေကတော့ ဘယ်နိုင်ငံတွေလည်းဆိုတာ ထုတ်ဖော်ပြောခဲ့တာမျိုး မရှိပေမဲ့ အီရန်စစ်ပွဲမှာ NATO အဖွဲ့ဝင်နိုင်ငံတွေ မပါဘူးလို့တော့ ဆိုပါတယ်။
မာ့ခ်ရူတေနဲ့ ထရမ့်ပ်တို့ရဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ အိမ်ဖြူတော်က ထုတ်ပြန်တာမျိုး မရှိပါဘူး။











