
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ဇူလိုင် ၁ ရက်ကစပြီး ရေကြီးနေလို့ မြို့ပေါ်ရပ်ကွက်တွေကို ရေဝင်ရောက်နေပြီး ပြောင်းရွေ့ဖို့ပြင်ဆင်နေကြရတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် တောင်ကျချောင်းရေတွေ ရပ်ကွက်တွေထဲဝင်လာပြီး တာလော့ရပ်ကွက်၊ မြန်မာ-ထိုင်းအမှတ် (၁) ချစ်ကြည်ရေးတံ တားအနီး၊ ဝမ်ကောင်းရပ်ကွက်၊ ဝိန်းကျောက်ရပ်ကွက်၊ လားဟူဈေးအနီးနဲ့ မယ်ခေါင်ရပ်ကွက်တွေကို ရေဝင်ရောက်နေတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “မယ်ဆိုင်ချောင်းရေကြီးလို့ တာချီလိတ်ရပ်ကွက်တွေ ရေဝင်နေတယ်။ ရေက ပို၀င်ဖို့ပဲ ရှိတယ်။ မိုးကလည်း ဆက်ရွာတယ် နေ့လယ်ပိုင်းတော့ ခဏရပ်သွားသေးတယ်။ မြန်မာ-ထိုင်းအမှတ် (၁) ချစ်ကြည်ရေးတံတားကိုတော့ ရေမကျော်သေးဘူး။ သွားလာနေကြတာပဲ။ တာလောဈေးဘက်ဆို ဈေးဆိုင်တွေ ပိတ်ထားရပြီ”လို့ DVB ကိုပြောပါတယ်။
လက်ရှိ မယ်ဆိုင်ချောင်းရေမှတ်ဟာ ၃၂၆ စင်တီမီတာရှိပြီး တာချီလိတ်မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၆၄ စင်တီမီတာမှာရှိနေပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ နေ့လယ်ပိုင်းထုတ်ပြန်ချက်မှာတော့ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှာ မိုးတိမ်တောင်တွေဖြစ်ထွန်းပြီး ရွေ့လျားရာ နေရာတလျှောက် မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။











