DVB Logo
Home
မြန်မာသတင်း
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏ စကားလုံးအသုံးအနှုန်းကို ဦးတီခွန်မြတ်သတိပေး (ရုပ်သံ)
DVB
·
January 29, 2019
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏ စကားလုံးအသုံးအနှုန်းကို ဦးတီခွန်မြတ်သတိပေး (ရုပ်သံ)
Donate to DVB

‘ဥပဒေကို လက်တလုံးခြားလုပ်တယ်’ ဆိုပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တဦး ပြောကြားခဲ့တဲ့ စကားလုံးအသုံးအနှုန်းကို ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က သတိပေးကန့်ကွက်လိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စောလျင်စွာပြင်ဆင်ရေးအတွက် ဥပဒေပြင်ဆင်ရေး ကော်မတီတရပ်ဖွဲ့ဖို့ မကွေးတိုင်းမဲဆန္ဒနယ် အမှတ် ၄ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်တင်သွင်းတဲ့ အရေးကြီးအဆိုကို မဲခွဲမဆုံးဖြတ်ဖို့ တပ်မတော်သားကိုယ်စားလှယ်က ပြောကြားရာမှာ ထည့်သွင်းခဲ့တဲ့ စကားလုံးအသုံးအနှုန်းကို သတိပေးကန့်ကွက်လိုက်တာလည်းဖြစ်ပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တဦးက “ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ် အားလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၂၅ ဇယားလေးမှာ ပါတဲ့အတိုင်း ကတိသစ္စာ ပြုထားကြသူတွေ ဖြစ်ပါတယ်။ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်။ နိုင်ငံတော်ဥပဒေများကိုလည်း လေးစားလိုက်နာပါ့မည်ဆိုပြီးတော့ ကတိသစ္စာပြုထားကြသူတွေ ဖြစ်ပါတယ်။ ဒီလိုနိုင်ငံတော်ရဲ့ ဥပဒေပြုရေးတာဝန်ကို လုပ်ဆောင်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ မိမိရဲ့ လုပ်ဆောင်ချက်တွေကို ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ဟာ များစွာ အရေးကြီးပါတယ်။ ဥပဒေကို ကျော်လွန်လုပ်ဆောင်တာ ဥပဒေကို လက်တလုံးခြားလုပ်ပြီးတော့မှ လုပ်ဆောင်တယ်ဆိုရင်တော့ --ပေါ်ထွက်လာမယ့် အကျိုးရလဒ်တွေဟာလည်း မှန်ကန်ကောင်းမွန်မှု ရှိမှာမဟုတ်ဘဲနဲ့ အဂတိတရားတွေနဲ့ မကင်းတဲ့အကျိုးရလဒ်တွေ ဖြစ်မှာ။ ဒါကြောင့် ကျနော်တို့ကတော့ လုပ်ထုံးလုပ်နည်းနဲ့အညီသာ ဆောင်ရွက်သင့်ပါတယ်။ လုပ်ထုံးလုပ်နည်းကို ကျော်လွန်တဲ့ဟာမျိုး မလုပ်သင့်ပါကြောင်း တင်ပြအပ်ပါတယ်။ ဒီလိုအဆိုတင်သွင်းပြီးမှ မဲခွဲဆုံးဖြတ်မယ်ဆိုတာ မဲခွဲဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ပါဘူးခင်ဗျ။ ဒါကို ကျနော့်အနေနဲ့ လေးလေးနက်နက် တင်ပြအပ်ပါတယ်။”

ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က “လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ သုံးနှုန်းသွားတဲ့ အသုံးအနှုန်းတွေကို လွှတ်တော်ရဲ့ ဂုဏ်သိက္ခာနဲ့ဆိုင်ပါတယ်။ ဥပဒေကို လက်တလုံးခြား လုပ်တယ်ဆိုတာ အသုံးအနှုန်းကိုတော့ မိမိလွှတ်တော်နာယကအနေနဲ့ လေးလေးနက်နက် ကန့်ကွက်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကို လွှတ်တော်ကိုယ်စားလှယ်တယောက်ရဲ့ အခွင့်အရေးမဆုံးရှုံးရအောင် လုပ်ထုံးလုပ်နည်း ဘယ်လိုသွားရမယ်ဆိုတာလည်း လွှတ်တော်ကိုယ်စားလှယ်သိပြီးသားဖြစ်ပါတယ်။ ပထမအကြိမ် လွှတ်တော် သက်တမ်းမှာလည်း ဒီဥပဒေကြမ်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ လွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင်က အဆင့်ဆင့်မှာ ပါဝင်ခဲ့ပြီး ဖြစ်ပါတယ်။ အခုလည်း အဆိုရှင်က အဲဒီဥပဒေ ပြင်ဆင်ရေးအတွက် အားလုံးပွင့်လင်းမြင်သာစွာ ပါဝင်ဆောင်ရွက်ဖို့ ဆောင်ရွက်နေတဲ့အပိုင်းပဲဖြစ်ပါတယ်။ ဒါတွေကို နားလည်ဖို့ သဘောပေါက်ဖို့ လိုပါတယ်။ အဲဒီအဖွဲ့ ဖွဲ့စည်းချိန်မှာ ကိုယ်စားလှယ်အားလုံး ပါဝင်ရမှာဖြစ်ပါတယ်။ အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ တင်သွင်းချက်ကို လွှတ်တော်က လက်မခံပါဘူး” လို့ သတိပေး ကန့်ကွက်ခဲ့တာလည်း ဖြစ်ပါတယ်။

မဲခွဲမဆုံးဖြတ်ဖို့ တပ်မတော်သားအားလုံးက မတ်တပ်ရပ်ပြီး ကန့်ကွက်ခဲ့ကြတာကို ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က လွှတ်တော် စည်းကမ်းသေ၀ပ်မှုရှိရေးအတွက် အားလုံးထိုင်ပေးဖို့  မေတ္တာရပ်ခံခဲ့ပြီးနောက် အဆိုကို မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

အရေးကြီးအဆိုဖြစ်တဲ့ စည်းပုံအခြေခံဥပဒေ စောလျင်စွာပြင်ဆင်ရေးအတွက် ဥပဒေပြင်ဆင်ရေး ကော်မတီတရပ်ဖွဲ့ဖို့ကိစ္စ ဆက်လက်ဆွေးနွေးရန် သင့်မသင့် မဲခွဲဆုံးဖြတ်ရာမှာတော့ ထောက်ခံမဲ ၃၉၄ မဲ၊ ကန့်ကွက်မဲ ၁၇ မဲ၊ ကြားနေမဲ ၃ မဲ နဲ့  မဲမပေးတာ ၁၈၇ မဲရှိနေပါတယ်။

ထောက်ခံမဲများတဲ့အတွက် ဒီအဆိုကို ဆက်လက်ဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော် နာယာကက အတည်ပြုခဲ့ပြီး ဆွေးနွေးမယ့်သူအနေနဲ့ ၃၁ ရက်နေ့ နောက်ဆုံးထား စာရင်းသွင်းဖို့ နဲ့ ဒီအဆိုကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးမှာဖြစ်ကြောင်း လွှတ်တော်ကော်နာယာကက ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013