
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ရေနံ့သာစစ်ဆေးရေးဂိတ်မှာ အမျိုးသမီးတွေ အပါအဝင် ရိုဟင်ဂျာ ၇ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။
ခြေလျင်လာတဲ့ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၅ ယောက်၊ စုစုပေါင်းရိုဟင်ဂျာ ၇ ယောက်ကို မတ် ၂၇ ရက်ညနေပိုင်းက ငါးသိုင်းချောင်းမြို့၊ ရေနံ့သာစစ်ဆေးရေးဂိတ်မှာ ရှိတဲ့နေတဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတယောက်က “မနေ့ညနေပိုင်းက အဖမ်းခံရတာ။ အားလုံး ရိုဟင်ဂျာ ၇ ယောက်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က ရိုဟင်ဂျာတွေကို စစ်ဆေးတာကို ထွက်ပြေးလို့ ပစ်ခတ်ဖမ်းတယ်လို့လည်း သိရတယ်။ အသေးစိတ်တော့ မသိရသေးဘူး” လို့ ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့သူတွေဟာ ရခိုင်ပြည်နယ်၊ မင်းပြားနဲ့ ဂွမြို့နယ်ဘက်ကလာတဲ့သူတွေ ဖြစ်ပြီး စစ်ကောင်စီတပ်က ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးပါဘူး။
စစ်ကောင်စီတပ်ဟာ ဧရာဝတီတိုင်းကနေ ရခိုင်ရိုးမအတက်မှာရှိတဲ့ ရေနံ့သာစစ်ဆေးရေးဂိတ်မှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး အရပ်သားအမျိုးသားတွေနဲ့ ရခိုင်ဘက်က လာတဲ့သူတွေကို အဓိကဖမ်းဆီးနေတာလို့ ဒေသခံတွေဆီက သိရပါတယ်။








