DVB Logo
Home
သတင်းဓာတ်ပုံ
စစ်အာဏာရှင် ထိုင်းရောက်မလာခင် ချင်းမိုင် ကောင်စစ်ဝန်ရုံးရှေ့ ဆန္ဒပြ (ဓာတ်ပုံ) 
DVB
·
August 4, 2026
စစ်အာဏာရှင် ထိုင်းရောက်မလာခင် ချင်းမိုင် ကောင်စစ်ဝန်ရုံးရှေ့ ဆန္ဒပြ (ဓာတ်ပုံ) 
1 / 15
Photo: DVB
Donate to DVB

စစ်အာဏာရှင် မင်းအောင်လှိုင် ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီးမလာရောက်ခင် ရက်ပိုင်းအလိုမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ထိုင်းပြည်သူတွေဟာ ဩဂုတ် ၃ ရက်က ချင်းမိုင်မြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံးရှေ့ကို စုရုံးချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက် သတ္တုတူးဖော်ရေး လုပ်ငန်းတွေကြောင့် ဖြစ်ပေါ်နေတဲ့ အဆိပ်သင့် သတ္တုဓာတ်တွေ စိမ့်ဝင်ပြီး မြစ်ရေ ညစ်ညမ်းမှုကို ချက်ချင်းအရေးယူ တားဆီးပေးဖို့ မြန်မာစစ်အာဏာရှင်ကို တောင်းဆိုတဲ့အနေနဲ့ ထိုင်းနိုင်ငံရှိ ကော့၊ စိုင်၊ ရော့နဲ့ မဲခေါင်မြစ်များ ကာကွယ်စောင့်ရှောက်ရေး ပြည်သူ့ကွန်ရက်အဖွဲ့က  ဦးဆောင်ပြီး သွားရောက်ဆန္ဒပြခဲ့ကြတာပါ။

ဩဂုတ် ၆ ရက်နဲ့ ၇ ရက်မှာ ဘန်ကောက်မှာ လုပ်မဲ့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုထင်းနဲ့ မြန်မာ စစ်အာဏာရှင် မင်းအောင်လှိုင်တို့ရဲ့ တရားဝင် တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ မဟာဗျူဟာမြောက် အချိန်ကိုက် ပြုလုပ်ခဲ့တာလို့ ကော့၊ စိုင်၊ ရော့နဲ့ မဲခေါင်မြစ်များ ကာကွယ်စောင့်ရှောက်ရေး ပြည်သူ့ကွန်ရက်အဖွဲ့က ပြောပါတယ်။

ဒီအဖွဲ့ဟာ စစ်အာဏာရှင် မင်းအောင်လှိုင်ကို လိပ်မူထားတဲ့ အိတ်ဖွင့်ပေးစာတစောင်လည်း ပေးခဲ့ကြပြီး ပေးစာထဲမှာ မြန်မာနိုင်ငံအတွင်းက သတ္တုတူးဖော်ရေးလုပ်ငန်းတွေကနေ ထွက်ရှိတဲ့ ခဲ၊ ကတ်မီယမ်၊ ပြဒါး စတဲ့ အဆိပ်သင့်ဓာတ်ပစ္စည်းတွေ စိမ့်ဝင်နေတာကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းမှာ စိုးရိမ်ဖွယ်ရာ သက်ရောက်မှုတွေကို ဖြစ်ပေါ်နေတယ်လို့ ထောက်ပြထားပါတယ်။

ဒါ့အပြင် မဲခေါင်မြစ်ဝှမ်းဒေသက လယ်သမားတွေဟာ အဆိပ်သင့်မြစ်ရေတွေကို အသုံးပြုပြီး စပါးစိုက်ဧကပေါင်း ၄၀,၀၀၀ ကျော်ကို ရေသွင်းစိုက်ပျိုးနေရတာကြောင့် အဆိပ်သင့် သတ္တုတွေ ပါဝင်နေတဲ့ သီးနှံတွေဟာ တနိုင်ငံလုံးကို ပျံ့နှံ့ရောက်ရှိသွားရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ကော့မြစ်ကြောင်းတလျှောက်က ကျေးရွာ ၆၀ လောက်ရဲ့ ငါးဖမ်းလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းတွေ ထိခိုက်နေရပြီး၊ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကလည်း ဒေသထွက် ပုစွန်၊ ကဏန်း၊ ခရု၊ ကမာနဲ့ ငါးကလီစာတွေကို မစားသုံးကြဖို့ သတိပေးထားပါတယ်။

နောက်ပြီး ချင်းရိုင်ခရိုင်အတွင်းက အိမ်ထောင်စုပေါင်း ၄၀,၀၀၀၊  လူဦးရေ ၁၂၀,၀၀၀ လောက် ကလည်း ဒီလိုအဆိပ်သင့်ဓာတ်ပစ္စည်းတွေပါဝင်နေတဲ့ ဘုံဘိုင်ရေကို သောက်သုံးနေကြရတယ်လို့ ဒေသခံပြည်သူတွေရဲ့ စိုးရိမ်ဖွယ်ရာ အခြေအနေတွေကို ပေးစာထဲမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်အာဏာရှင်ဘက်ကတော့ ဒီလို မြစ်ရေ အဆိပ်သင့်မှုတွေဖြစ်ပေါ်စေတဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေဟာ နယ်စပ်မြစ်ဝှမ်းတလျှောက်မှာ မရှိဘူးလို့ ငြင်းဆိုခဲ့ကြပေမဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ သိပ္ပံနည်းကျ ဆန်းစစ်ချက်တွေနဲ့ ဂြိုဟ်တုဓာတ်ပုံတွေက မြန်မာရဲ့ ငြင်းဆိုချက်က မမှန်ကန်ကြောင်း ပြသနေတယ်လို့လည်း ထိုင်းတက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

ဆန္ဒထုတ်ပြရာမှာ ပါဝင်ခဲ့တဲ့ မယ့်ဖာလုံတက္ကသိုလ်က လူမှုအဖွဲ့အစည်းဆိုင်ရာ ဆန်းသစ်တီထွင်မှုပညာဌာနက တက္ကသိုလ် ကထိက ဆရာ ဆူးဘစကွန် ကစ်နုကွန်းက “ကျနော်တို့ မင်းအောင်လှိုင်ဆီ ပေးချင်တဲ့ သတင်းစကားကတော့ သတ္တုတူးဖော်မှုတွေကြောင့် နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှုတွေ ဖြစ်နေတယ်ဆိုတာ စစ်အစိုးရဘက်က လက်ခံဖို့ပါပဲ။ Stimson Center နဲ့ Google Maps တို့ကနေတဆင့် မြစ်ရေညစ်ညမ်းတာဟာ မြန်မာနိုင်ငံဘက်က သတ္တုတူးဖော်တာတွေကြောင့်ဆိုတာ စိစစ်လို့ရသလို သိပ္ပံနည်းကျ စစ်ဆေးချက်တွေကလည်း အဆိပ်သင့် သတ္တုဓာတ်တွေဟာ မြန်မာဘက်က သတ္တုတွင်းတွေကနေ ထွက်လာတာကို အခိုင်အမာ ပြသနေပါတယ်” လို့ ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက စစ်အာဏာရှင်အစိုးရဆီကို မြန်မာနိုင်ငံဘက်ရှိ သတ္တုတူးဖော်မှုတွေကြောင့် နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးဆိုင်ရာ ထိခိုက်မှုတွေနဲ့ ပတ်သက်တဲ့ ပူးတွဲစာထုတ်ပြန်ချက် ပေးပို့ခဲ့တဲ့အပေါ် မြန်မာစစ်အာဏာရှင်က စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့တယ်လို့ ကော့၊ စိုင်၊ ရော့နဲ့ မဲခေါင်မြစ်များ ကာကွယ်စောင့်ရှောက်ရေး ပြည်သူ့ကွန်ရက်အဖွဲ့က ဆိုပါတယ်။

ဒီပြည်သူ့ကွန်ရက်အဖွဲ့နဲ့ တက်ကြွလှုပ်ရှားသူတွေက မြန်မာစစ်အာဏာရှင်ရဲ့ အခုလို ငြင်းဆိုမှုကို “ပြောင်ပြောင်တင်းတင်း လိမ်လည်မှု” ဖြစ်တယ်လို့ ပြစ်တင်ရှုတ်ချခဲ့ကြပြီး ဘန်ကောက်မှာ ပြုလုပ်မဲ့ ထိုင်းဝန်ကြီးချုပ်နဲ့ စစ်အာဏာရှင်တို့ရဲ့ နှစ်နိုင်ငံ ဆွေးနွေးမှုတွေကို အနီးကပ် စောင့်ကြည့်ကာ အဲ့ဒီကနေတဆင့် နောက်ထပ် ဒေသတွင်း တောင်းဆိုလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

Photo: DVB

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013