
ဒုတိယအကြိမ်မြောက် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ တိုနဲရိပန်းခြံမှာ ဩဂုတ် ၂ ရက် က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
စစ်ဘေးဒဏ်ကြောင့် အခက်အခဲ ကြုံတွေ့နေရတဲ့ ရခိုင်ပြည်သူတွေအတွက် တဖက်တလမ်းကနေ ကူညီထောက်ပံ့ပေးနိုင်ဖို့နဲ့ ဂျပန်ရောက် ရခိုင်တိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးညီညွတ် လာစေဖို့ ရည်ရွယ်ပြီး အခုလို ကျင်းပရတာလို့ ပွဲကျင်းပရေးကော်မတီဝင် ဦးဇော်မင်းခိုင်က ပြောပါတယ်။
ပွဲတော်မှာ ရခိုင်ရိုးရာ လောင်းလှေရေကစားမဏ္ဍပ်၊ ရခိုင်ရိုးရာ အဆို၊ အက၊ သံချပ်တွေ၊ တိုင်းရင်းသားရိုးရာ ဖျော်ဖြေမှုတွေ၊ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေပွဲတွေလည်း ပါဝင်ခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ယဉ်ကျေးမှုပြခန်း၊ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေနဲ့ ရခိုင်၊ မြန်မာ ရိုးရာ အစားအသောက်ဆိုင်တွေကိုလည်း ထည့်သွင်းခင်းကျင်းထားတာ တွေ့ရပါတယ်။
ပွဲကျင်းပရေးကော်မတီဝင် ဦးလှအေးမောင်က “ကျနော်တို့ အခုပွဲမှာ ရခိုင်ရိုးရာ လောင်းလှေရေကစားတာကို ထည့်သွင်းကျင်းပချင်တာကြောင့် ဂျပန်နိုင်ငံရဲ့ အပူပြင်းဆုံး နွေရာသီဖြစ်တဲ့ ဩဂုတ်လကို ရွေးချယ်ကျင်းပခဲ့တာပါ။ ရခိုင်ရိုးရာ ဓလေ့ထုံးစံတွေကို ဂျပန်ပြည်သူတွေရော ဂျပန်ရောက် မြန်မာတိုင်းရင်းသားတွေကိုပါ ပိုမိုသိရှိစေချင်ပါတယ်” လို့ DVB ကို ပြောပါတယ်။
အခုကျင်းပတဲ့ ဒုတိယအကြိမ် တိုကျို-ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကနေ ရရှိလာတဲ့ အကျိုးအမြတ်ငွေ အားလုံးကို ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေဆီ တိုက်ရိုက် လှူဒါန်းသွားမယ်လို့ သိရပါတယ်။










