DVB Logo
Home
Lead Story
မြန်မာပြည်သူများ၏ လူသားဘဝ ဖြစ်တည်ရှင်သန်မှုကို အလောင်းအစား လုပ်နေသော ​တရုတ်နှင့် အိန္ဒိယ
DVB
·
July 20, 2026
မြန်မာပြည်သူများ၏ လူသားဘဝ ဖြစ်တည်ရှင်သန်မှုကို အလောင်းအစား လုပ်နေသော ​တရုတ်နှင့် အိန္ဒိယ
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေး ငါးနှစ်ကျော်ထဲ ရောက်လာချိန်တွင် တော်လှန်ရေးအရှိန် လျော့ကျလာနေသည်ဟု နိုင်ငံတကာသတင်းဌာနများက တက်ညီလက်ညီ ပုံဖော်လာကြသည်။ မကြာသေးမီက AFP က ဖြန့်ဝေခဲ့ပြီး France24 မှအစ Yahoo News အဆုံး နိုင်ငံတကာ သတင်းဌာနများက ပြန်လည်ဖော်ပြခဲ့သော သတင်းတပုဒ်တွင် တပ်ဆုတ်လာသော တော်လှန်ရေး တပ်ဖွဲ့များနှင့် စိတ်ဓာတ်ရေးရာ ထိခိုက်နေသော ရှေ့တန်းစစ်သည်များကို သာဓကပြကာ တော်လှန်ရေးလှုပ်ရှားမှု အရှိန်လျော့လာနေသည်ဟု ပုံဖော်ထားသည်။ ဤသတင်းသည် အနှစ်သာရမဲ့ပြီး ပြီးစလွယ်ဆန်လှသည်။

မြန်မာလူငယ်မျိုးဆက်သစ်များက အဓိကဦးဆောင်နေသော ဤတော်လှန်ရေးသည် မည်သည့် နိုင်ငံတခုခု၏ ကျောထောက်နောက်ခံမှ မပါဘဲ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို မည်သည့် အစိုးရကမှ လက်နက် တပ်ဆင်ပေးခြင်း မရှိပါဘဲ၊ မည်သည့် ပြည်ပအစိုးရကမှ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ငွေကြေး ထောက်ပံ့ပေးခြင်း မရှိပါဘဲ ငါးနှစ်ကျော်တိုင် တိုက်ပွဲဝင်လာခဲ့သည်။ တဖက်တွင်မူ စစ်အုပ်စုသည် တရားမဝင်လမ်းကြောင်းများမှရရှိသော ဒေါ်လာသန်းထောင်ချီ ဝင်ငွေအရင်းအမြစ်များ ရှိသလို တရုတ်နှင့် အိန္ဒိယကဲ့သို့သော ကမ္ဘာ့အင်အားကြီး အိမ်နီးချင်းနိုင်ငံများထံမှလည်း စီးပွားရေးနှင့် စစ်ရေးအကူအညီများ ရရှိလာခဲ့သည်။

တော်လှန်ရေး ရှေ့တန်းစစ်သည်များသည် ခြေကုန်လက်ပန်းကျနေသည်မှာ ငြင်းစရာမရှိပါ။ လက်ရှိအခြေအနေတွင် မည်သူမဆို လက်ပန်းကျနိုင်သည်။ သို့သော် တော်လှန်ရေးသည် လက်နက်အင်အားနှင့် ဘဏ္ဍာရေးအင်အား အလွန်ကွာဟနေသည့်ကြားမှပင် ခိုင်မာစွာ ဆက်လက်ရပ်တည်လာခဲ့ရုံသာမက တခါတရံတွင် စစ်အုပ်စုကို ပြိုလဲလုနီးပါး အခြေအနေအထိ ရောက်အောင်ပင် တွန်းပို့လာနိုင်ခဲ့သည်ဟူသည့် အမှန်တရားသည် နွေဦးတော်လှန်ရေး ခွန်အားမည်မျှကြီးမားကြောင်း သက်သေထူနေသည်။ 

တော်လှန်ရေးက ပြည်ပနိုင်ငံများ၏ ကြားဝင်နှောင့်ယှက်မှုနှင့် ကြုံတွေ့နေရခြင်း

စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးအင်အားစုများကို စစ်အုပ်စုက အနိုင်ရအောင် ယှဉ်မတိုက်နိုင်ခဲ့ပါ။ ပေကျင်းအစိုးရသည် တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုကို စစ်ပွဲတွင် ဆက်မပါအောင် ဆွဲထုတ်ခဲ့ပြီး PDF များကို ၎င်းတို့ အားအထားရဆုံး မဟာမိတ်များ ဆုံးရှုံးသွားအောင် ဆောင်ရွက်ခဲ့သည်။ ထို့နောက် အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာအောင် ကြားဝင်ညှိနှိုင်းခဲ့ကာ မင်းအောင်လှိုင်၏ အတုအယောင် ရွေးကောက်ပွဲကိုလည်း သံတမန်ရေးအရ အပြည့်အဝ ထောက်ခံမှုပေးလိုက်သည်။

လက်ရှိအခြေအနေသည် တော်လှန်ရေး အရှိန်လျော့လာနေခြင်း မဟုတ်ပါ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ဖြစ်ခဲ့ဖူးသည့်အတိုင်း နုံအလွန်းသော နိုင်ငံတကာအသိုက်အဝန်းက ၎င်းတို့ကိုယ်တိုင် ဖန်တီးထားသော ယုံတမ်းစကားများဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်လည်အယုံသွင်းရန် ကြိုးပမ်းနေသည့် အခြေအနေတခုသာ ဖြစ်သည်။

၂၀၂၁ ခုနှစ်ကလည်း အခြေအနေ ပြန်လည်တည်ငြိမ်အောင် စစ်တပ်က ဆောင်ရွက်နိုင်လိမ့်မည်ဟု နိုင်ငံတကာက ခန့်မှန်းချက်ထုတ်ခဲ့သည်။ ထို့နောက် စစ်အုပ်စုက ထိုသို့ မစွမ်းဆောင်နိုင်သောအခါ တော်လှန်ရေးတပ်ဖွဲ့များသည် အချင်းချင်းကြား မကျေလည်မှုများဖြင့် အကွဲကွဲအပြဲပြဲ ဖြစ်သွားလိမ့်မည်ဟု နောက်တမျိုး ခန့်မှန်းကြပြန်သည်။ လက်နက်ကိုင်အဖွဲ့ အရေအတွက် အလွန်များလွန်းသည်၊ ရည်မှန်းချက်ပန်းတိုင်များ ကွဲပြားလွန်းသည်၊ စုပေါင်းအမိန့်ကွပ်ကဲမှုစနစ် ကင်းမဲ့နေသည် စသဖြင့် အကြောင်းပြချက်မျိုးစုံပေးကာ ထောက်ပြကြသည်။ 

ဆေးရုံများနှင့် စာသင်ကြောင်းများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ပြီး စနစ်တကျ စီမံထားသည့် အရက်စက်ဆုံးသော စစ်ဆင်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ကာ စစ်အုပ်စုဘက်က ငါးနှစ်တိုင်တိုင် ထိုးစစ်ဆင်လာခဲ့သော်လည်း တော်လှန်ရေး အင်အားစုများကြား ၎င်းတို့ ခန့်မှန်းခဲ့သည့်အတိုင်း အကွဲအပြဲများ ဖြစ်မလာခဲ့ချေ။

နည်းစနစ်ပိုင်းဆိုင်ရာ လှည့်စားမှုများနှင့် အရွေ့မရှိသော ဗျူဟာ

ထိုအစား SHAN News ပါ သတင်းဆောင်းပါးတပုဒ်တွင် စိုင်းဝမ်စိုင်း သုံးသပ်ထားသည့်အတိုင်း စစ်အုပ်စုဘက်က ပြန်လည်အရှိန်ရလာနေသည် ဟူသည့်အပြောမှာ အရွေ့မရှိသော ဗျူဟာအပေါ် အခြေခံသည့် နည်းစနစ်ပိုင်းဆိုင်ရာ လှည့်စားမှုတခုသာဖြစ်သည်။ စစ်အုပ်စုက မြို့ငယ်များကို ပြန်လည်သိမ်းယူနိုင်ခဲ့သော်လည်း တော်လှန်ရေး အင်အားစုများသည် ကျေးလက်ဒေသများနှင့် နယ်စပ်ဒေသများကို ထိန်းချုပ်ထားကြသည်။ ထို့ပြင် ၎င်းတို့တွင် “ပုံဖော်ချပြထားနိုင်သော မျှော်မှန်းအနာဂတ်တခု” လည်း ရှိသည်။

ရခိုင်တပြည်နယ်လုံးနီးပါး အာရက္ခတပ်တော်လက်အောက်တွင် ရှိ​နေသည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ကချင်ပြည်နယ်အတွင်းရှိ ဖားကန့် ကျောက်စိမ်းနယ်မြေနှင့် မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းများတွင် ဆက်လက် ခြေကုပ်ယူထားနိုင်ဆဲ ဖြစ်သည်။ လွိုင်ကော်မြို့သည် ဝန်းရံပိတ်ဆို့ခြင်း ခံနေရဆဲ အခြေအနေတွင် ရှိ​သော်လည်း စစ်အုပ်စု ထိန်းချုပ်မှုအောက်တွင် ရှိမနေပါ။ သီးခြားလွတ်လပ်သော ပဋိပက္ခ လေ့လာသုံးသပ်သူများက ဤအခြေအနေများကို လပေါင်းများစွာ မှတ်တမ်းတင်လာခဲ့ကြပြီး ဖြစ်သည်။

သို့ဖြစ်လျှင် တော်လှန်ရေးဘက်က အားနည်းယိမ်းယိုင်မှု မရှိပါဘဲ မည်သည့်အရာများက အခြေအနေကို ပြောင်းလဲသွားစေခဲ့သနည်း။ မည်သူက ဤစစ်ပွဲကို လက်နက်တပ်ဆင်ပေးနေသနည်း၊ ငွေကြေးထောက်ပံ့ပေးနေသနည်း၊ တရားဝင်မှု ပေးနေသနည်း၊ မည်သူ့ဘက်မှ ထိုသို့ လုပ်ဆောင်ပေးနေသနည်း။

တရုတ်နှင့် အိန္ဒိယတို့သည် မြန်မာပြည်သူများအတွက် ခြိမ်းခြောက်မှုများဖြစ်သည်

တရုတ်နှင့် အိန္ဒိယတို့သည် ၎င်းတို့၏ အကျိုးစီးပွား မျှော်ကိုးမှုကို ရှင်းရှင်းလင်းလင်း ထုတ်ပြလာကြသည်။ ၎င်းတို့သည် ရာဇဝတ်ကောင် စစ်အုပ်စုကို နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးအကူအညီများ တစိုက်မတ်မတ်ပေးကာ မြန်မာပြည်သူများ၏ အသက်အိုးအိမ်ထက် ၎င်းတို့နိုင်ငံ၏ အကျိုးစီးပွားကိုသာ အမြဲလိုလို ရှေ့တန်းတင်လာခဲ့ကြသည်။ 

လွန်ခဲ့သော အပတ်များတွင် အိမ်နီးချင်းနိုင်ငံများက မင်းအောင်လှိုင်ကို ပေကျင်း၊ ဒေလီနှင့် ဗီယင်ကျန်းတို့တွင် သံတမန်ရေး အခမ်းအနားများဖြင့် ကြိုဆိုလက်ခံ တွေ့ဆုံခဲ့ကြသည်။ မင်းအောင်လှိုင်အကြောင်းနှင့် စစ်အုပ်စုအကြောင်း ကောင်းစွာ သိရှိထားကြသော အိမ်နီးချင်းနိုင်ငံများက ချီးမြှောက်သော တရားဝင်မှုကို စစ်အုပ်စုက သွားရောက် လက်ခံရယူခဲ့သည့် ခရီးစဉ်များဖြစ်သည်။ 

တရုတ်နိုင်ငံသည် အပစ်အခတ်ရပ်စဲရေးအတွက် ကြားပွဲစားဝင်လုပ်ကာ စစ်အုပ်စု၏ မြန်မာနိုင်ငံ မြောက်ပိုင်းအခြေစိုက် တပ်ဖွဲ့များကို ကယ်တင်ခဲ့သည်။ တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံလုံးသည် စစ်အုပ်စုကို တရားမဝင် အာဏာသိမ်းစဉ်၊ အစုလိုက်အပြုံလိုက် ရက်စက်သတ်ဖြတ်မှုများ ကျူးလွန်စဉ်နှင့် အလိမ်အညာ ရွေးကောက်ပွဲကျင်းပစဉ် ကာလများတလျှောက်လုံး ငွေကြေးနှင့် စစ်လက်နက်ပစ္စည်း ဖြည့်တင်းပေးခဲ့ကြသည့်အပြင် သံတမန်ရေးအရလည်း အကာအကွယ် ပေးခဲ့ကြသည်။ 

ဤလုပ်ရပ်များသည် ကြားနေလုပ်ရပ်များ မဟုတ်ပါ။ နိုင်ငံရေးအရ “ဆက်ဆံရေး ချိန်ခွင်လျှာညှိသော” လုပ်ရပ်များလည်း မဟုတ်ပါ။ တရုတ်နှင့် အိန္ဒိယ တို့သည် ကပ်ဘေးဆိုးနှင့် ကြုံတွေ့နေရသော မြန်မာနိုင်ငံအတွက် ကြားနေသူများ မဟုတ်ကြပါ။ ၎င်းတို့သည် မြန်မာပြည်သူများ၏ လူသားဘဝ ဖြစ်တည်ရှင်သန်မှုကို အဓိက ခြိမ်းခြောက်နေသူများ ဖြစ်သည်။ 

ဤအခြေအနေသည် အသစ်အဆန်းတခုတော့ မဟုတ်ပါ။ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ခုနှစ် ကာလအတွင်း နိုင်ငံတကာအသိုင်းအဝန်းက လုပ်ဆောင်ခဲ့ဖူးသည့် အမှားဟောင်းတခုသာ ဖြစ်သည်။ ထိုစဉ်ကလည်း အာဏာတဖက်စောင်းနင်း ဖြစ်နေသည့် အရင်းခံပြဿနာကို ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းကာ မျိုးဆက်နှင့်ချီ ကြုံတွေ့ခံစားလာရသော မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ပြည်သူများကို အားပေးထောက်ခံရမည့်အစား စစ်တပ်က ခြယ်လှယ်ထားသော ငြိမ်းချမ်းရေးအမည်ခံ “အသွင်ကူးပြောင်းရေးဖြစ်စဉ်” ကို အလှူရှင်များက ဝိုင်းဝန်းအားပေး ထောက်ခံခဲ့ကြသည်။ 

တော်လှန်ရေးအောင်မြင်မှသာ မြန်မာနိုင်ငံတွင် တည်ငြိမ်မှုရှိနိုင်မည်

စစ်တပ်က စစ်ပွဲကြာအောင် အချိန်ဆွဲနိုင်စွမ်းရှိခြင်းကို စစ်တပ်၏ တရားမဲ့မှုနှင့် ရက်စက်ကြမ်းကြုတ်မှုအပေါ် မြန်မာပြည်သူများက တွန်းလှန်နိုင်စွမ်း မရှိခြင်းဟု မှတ်ယူ၍ မရပါ။ ထိုနှစ်ခုကို နိုင်ငံတကာအသိုက်အဝန်းက အကြိမ်ကြိမ် ရောထွေးကာ အထင်မှားကြသည်။ နိုင်ငံတကာအသိုက်အဝန်းသည် မြန်မာနိုင်ငံကို လက်အောက်ခံ နိုင်ငံအဖြစ် ဆက်လက်ထားရှိခြင်းဖြင့် အကျိုးအမြတ်ရနေသော နိုင်ငံအစိုးရများ၏ ရှုမြင်သုံးသပ်ချက်များကိုသာ ဆက်လက် အမှီအခို ပြုနေကြသည်။ သို့သော် ပေကျင်းနှင့် နယူးဒေလီ အစိုးရတို့သည် စစ်အုပ်စုက မပေးနိုင်သော တည်ငြိမ်မှုအပေါ် လောင်းကြေးထပ်ထားကြသူများ ဖြစ်သည်။ ဤနည်းဖြင့် ၎င်းတို့သည် စစ်အုပ်စုက ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများကို အားပေးအားမြှောက် ပြုနေကြသည်။

စစ်တပ်က မည်သည့်နည်းလမ်းဖြင့်ဖြစ်စေ၊ မည်သည့်အမည်ကို အသုံးပြု၍ဖြစ်စေ အာဏာပြန်ရလာခြင်းကို လုံးဝလက်သင့်မခံကြောင်း မြန်မာပြည်သူများက ငါးနှစ်တိုင်တိုင် ရှင်းရှင်းလင်းလင်း အသိပေးခဲ့ပြီး ဖြစ်သည်။ လက်ရှိတွင် နောက်ပြန်လှည့်စရာ ယခင်အခြေအနေဟူ၍ မရှိတော့ပါ။ ဤစစ်အုပ်စုက လက်ခံအကောင်အထည် ဖော်ပေးနိုင်သည့် စစ်မှန်သော ငြိမ်းချမ်းရေး ဖြစ်စဉ်ဟူ၍ မရှိပါ။ စစ်တပ်က ၎င်း၏ အုပ်ချုပ်မှုအောက်တွင် ရှိနေပါသည်ဟု ကြွေးကြော်ထားသော ပြည်သူများကိုယ်တိုင်က စစ်တပ်ကို ငြင်းဆန်လိုက်ကြပြီး ဖြစ်သည်။

တရုတ်နှင့် အိန္ဒိယတို့သည် အပစ်အခတ်ရပ်စဲရေး သဘောတူချက်များနှင့် ကော်ဇောနီခင်းထားသည့် ထိပ်သီးညီလာခံများကို ဆက်လက်ပြီး ငွေပေးဝယ်ယူလိုပါက ဝယ်ယူနိုင်သည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းသည် မြန်မာပြည်သူများ၏ လူသားဘဝ ဖြစ်တည်ရှင်သန်မှုကို အလောင်းအစားလုပ်ထားသည့် စစ်ပွဲတခုအား ငွေကြေးထောက်ပံ့နေခြင်းသာ ဖြစ်သည်။ ပြည်သူများ အသက်ပေးတိုက်ပွဲဝင်လာခဲ့သော အရာများဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီကို အခြေခံသော လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ အများပါဝင်မှုနှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ပြည်သူများကိုယ်တိုင် ရရှိခံစားလာရသည့် တနေ့မှာသာ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော တည်ငြိမ်အေးချမ်းမှု ရရှိနိုင်မည် ဖြစ်သည်။ 

ထို့ကြောင့် ပေကျင်းနှင့် နယူးဒေလီ အစိုးရတို့ကို မိမိမေးလိုသည်။ ဒေါ်လာဘီလီယံ မည်မျှကုန်ပြီးမှ၊ ထိပ်သီးညီလာခံ အကြိမ်ရေ မည်မျှကျင်းပပြီးမှ၊ အဆုံးမဲ့စစ်ပွဲတခု မည်မျှရှည်ကြာပြီးမှ မြန်မာနိုင်ငံတွင် ငွေပေးဝယ်၍ ရနိုင်သော ငြိမ်းချမ်းရေးဟူ၍ မရှိကြောင်း သင်တို့ နားလည်လက်ခံနိုင်ကြမည်နည်း။ သင်တို့သည် မြန်မာပြည်သူများအပေါ် တဖြည်းဖြည်းပို၍သာ အကြွေးတင်လာနေကြသည်။

ခင်ဥမ္မာ 

(ဒေါ်ခင်ဥမ္မာသည် မြန်မာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး ၈၈၈၈ အရေးတော်ပုံတွင် ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်သည်။ သူသည် မြန်မာလူ့အခွင့်အရေး အဖွဲ့အစည်းတခု ဖြစ်သော ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့၏ တည်ထောင်သူ တဦးလည်း ဖြစ်သည်။ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံအတွက် ‘အမျိုးသမီးငြိမ်းချမ်းရေး တည်ဆောက်ရေး အစီအစဉ်’ ကို ထူထောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အထိ အစီအစဉ်ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013