
ဒီလအစောပိုင်းက ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ခေါင်းအရှုပ်ရဆုံး နိုင်ငံခြားရေးမူဝါဒကိစ္စတွေထဲက တခုကတော့ မြန်မာ့ပြည်တွင်းစစ်ကိစ္စပဲ ဖြစ်ပါတယ်။ ဒီပဋိပက္ခကြောင့် မြန်မာပြည်သူတွေ ဒုက္ခရောက်နေတာအပြင် ဒုက္ခသည်တွေ ထွက်ပြေးတာနဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း (Scam industry) တွေ ပျံ့နှံ့လာတာ စတဲ့ နယ်စပ်ဖြတ်ကျော် ဂယက်ရိုက်ခတ်မှုတွေလည်း ရှိနေပါတယ်။
အစည်းအဝေး တက်ရောက်လာသူတွေရဲ့ မှတ်ချက်တွေကတော့ အမျိုးမျိုးပါပဲ။ မြန်မာစစ်အာဏာရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၁ အာဏာသိမ်းကတည်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖယ်ကြဉ်ထားတဲ့ ‘ခွဲခြားဆက်ဆံမှုတွေ’ အပေါ် ညည်းညူခဲ့ပါတယ်။ ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာကတော့ အကျပ်အတည်း ဖြေရှင်းရာမှာ ‘ဘာတိုးတက်မှုမှ မရှိဘူး’ လို့ မှန်မှန်ကန်ကန် ထောက်ပြခဲ့ပါတယ်။
အစည်းအဝေးအပြီးမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနိုက သတင်းထုတ်ပြန်ချက်တခု ထုတ်ခဲ့ပါတယ်။ အဲဒီအထဲက တချို့စကားတွေက အကြမ်းဖက်မှုတွေ ရပ်တန့်ရေး အပါအဝင် ၂၀၂၁ ဧပြီလက ချမှတ်ခဲ့တဲ့ ‘အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်’ ကိုပဲ ဗဟိုပြုပြီး အာဆီယံရဲ့ လမ်းကြောင်းအတိုင်း ပြောသွားတာပါ။
ဒါပေမဲ့ တခြားအချိန်တွေမှာတော့ မြေပြင်မှာ တကယ် ဘာဖြစ်နေလဲ ဆိုတာကို အာဆီယံက ဘယ်လို နားလည်မှုလွဲနေသလဲ ဆိုတာကို သူက ကံမကောင်းစွာနဲ့ပဲ မီးမောင်းထိုးပြသလို ဖြစ်သွားခဲ့ပါတယ်။ ဥပမာပြောရရင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ကနေ သတ်မှတ် နေအိမ်မှာအချုပ်နဲ့ ပြောင်းရွေ့လိုက်တာကို ဆူဂီယိုနိုက ‘အပြုသဘောဆောင်တဲ့ လုပ်ရပ်’ လို့ ခေါ်ခဲ့ပါတယ်။ ပြီးတော့ (စစ်ကောင်စီရဲ့ ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲကို ရည်ညွှန်းဟန်ရှိတဲ့) မကြာသေးခင်က ဖြစ်ပေါ်တိုးတက်မှုတွေကို ‘ချီးကျူးထိုက်တဲ့ တိုးတက်မှု’ လို့တောင် ဖော်ပြခဲ့ပါသေးတယ်။
လူရယ်စရာ ဖြစ်နေတဲ့ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို နေအိမ်အချုပ် ပြောင်းပေးလိုက်တယ်ဆိုတဲ့ ဟိုးလေးတကြော် လုပ်ရပ်တွေဟာ တော်လှန်ရေးအင်အားစုတွေကို အလေးအနက်ထားပြီး အလျှော့ပေးတာမျိုးနဲ့ ဘာမှမဆိုင်ပါဘူး။ ဒီလုပ်ရပ်တွေဟာ စစ်အာဏာရှင်အစိုးရအနေနဲ့ တကယ်တမ်း ဘာမှ မပြောင်းလဲသေးဘူး ဆိုတာကို ဖုံးကွယ်ထားရုံသက်သက်ပါပဲ။
၂၀၂၁ ခုနှစ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အဆက်မပြတ် အကြမ်းဖက် နှိမ်နင်းခဲ့တာကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းက ဗမာလူမျိုးအများစု နေထိုင်ရာ ဒေသတွေမှာ လွတ်လပ်ရေး ရပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ငြိမ်းချမ်းတဲ့ ဆန့်ကျင်မှုတွေကို စွန့်လွှတ်ပြီး လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ကြပါတယ်။
အရင်တုန်းကတော့ ပြည်ပက ပြစ်တင်ရှုတ်ချတာတွေနဲ့ အရေးယူ ဆောင်ရွက်မှုတွေဟာ ထိရောက်မှု ရှိခဲ့ဖူးပါတယ်။ ၂၀၁၀ အရပ်သားအစိုးရ အသွင်ကူးပြောင်းရေးကာလမှာ စစ်အစိုးရအပေါ် နိုင်ငံတကာရဲ့ ဖိအားပေးမှုက အလွန်အရေးပါခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း နိုင်ငံရေးအကျဉ်းသားတွေကို သေဒဏ်ပေးတဲ့ကိစ္စနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ရရှိရေး ကိစ္စတွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေကနေ တိတ်တဆိတ်ရော လူသိရှင်ကြားပါ သတိပေး ပြောဆိုမှုတွေက တကယ်အကျိုးသက်ရောက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ သြဇာလွှမ်းမိုးမှုရှိတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး အနေနဲ့ ဒေသတွင်းအဖွဲ့အစည်း (အာဆီယံ) အတွင်းမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး အများကြီး ပိုလုပ်နိုင်ပါသေးတယ်။ ကာလရှည် နိုင်ငံခြားရေးမူဝါဒ လေ့လာသူတဦးရဲ့ အဆိုအရ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုဟာ အများအမြင် ကောင်းအောင်လို့ ဒေသတွင်း ပြောနေကျ စကားတွေကိုပဲ လိုက်ပြောပြီး မြန်မာ့အရေးကို နှုတ်ခမ်းဖျားလေးနဲ့ပဲ ဟန်ပြပြောဆိုနေတာပါလို့ ဆိုပါတယ်။
ဒေသတွင်း ခေါင်းဆောင်တွေအနေနဲ့ အတိတ်က အာဏာရှင်တွေကို သဘောကျတဲ့ စိတ်မျိုး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကတော့ စစ်ခေါင်းဆောင် အာဏာအပြည့်အဝ ပြန်ရဖို့ အခြေအနေ မပေးတော့ပါဘူး။ ဒီအမှန်တရားကို လက်ခံလိုက်မှသာ အာဆီယံရဲ့ မူဝါဒတွေ၊ အထူးသဖြင့် ဆွေးနွေးပွဲနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စတွေကို မှန်မှန်ကန်ကန် လမ်းပြနိုင်ပါလိမ့်မယ်။
မြန်မာစစ်တပ်ဟာ သူတို့ အားနည်းနေချိန်မှာ ဘယ်တော့မှ အပေးအယူ မလုပ်တတ်ပါဘူး။ ပြီးတော့ အတိတ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ထားရှိခဲ့တဲ့ ရေရှည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အများအပြားကိုလည်း ချိုးဖောက်ခဲ့ဖူးပါတယ်။ ဒါဟာ တော်လှန်ရေးအဖွဲ့တွေ ကောင်းကောင်းသိထားတဲ့ သင်ခန်းစာတခုပါ။
၂၀၁၁ ခုနှစ်မှာ နိုင်ငံမြောက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ နှစ်ပေါင်းများစွာ ထားရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ပျက်ပြယ်သွားခဲ့ပါတယ်။ စစ်တပ်က KIA နယ်မြေထဲကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး KIA ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် စွန့်လွှတ်ကာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ တောင်းဆိုခဲ့လို့ပါပဲ။
ထိုင်း-မြန်မာနယ်စပ်မှာလည်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရဲ့ အဓိကကျတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ သဘောတူညီချက်ကို စစ်တပ်က ချိုးဖောက်ခဲ့ပါတယ်။ KNU နယ်မြေထဲက စစ်တပ်စခန်းတွေကို ဆက်သွယ်ဖို့ ကားလမ်းဖောက်မယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ချိုးဖောက်ခဲ့တာပါ။ ဒီလို ချိုးဖောက်မှုတွေကြောင့် ၂၀၂၁ ဖေဖော်ဝါရီလ အာဏာမသိမ်းခင်ကတည်းက KNU ဟာ အပစ်အခတ်ရပ်စဲရေး ဘောင်ထဲကနေ လက်တွေ့မှာ နုတ်ထွက်ခဲ့ပြီးသား ဖြစ်ပါတယ်။
အာဏာသိမ်းမှု ကိုယ်တိုင်ကကို ဒီလို သဘောရိုးမမှန်မှုရဲ့ အထင်ရှားဆုံး ဥပမာပါပဲ။ စစ်တပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗီတိုအာဏာကို လက်ခံပေးထားပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာတောင် ဂျီနိုဆိုက်စွပ်စွဲချက်တွေကို ကာကွယ်ပေးခဲ့တဲ့ အရပ်သားအစိုးရကို သူတို့ ဖြုတ်ချခဲ့တာပါ။
ဒါကြောင့် လက်ရှိ စစ်ခေါင်းဆောင်တွေဟာ အာဏာကိုစွန့်လွှတ်ဖို့ ဆန္ဒမရှိသလို နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့အတွက် သဘောရိုးနဲ့ ဆွေးနွေးဖို့ ဆန္ဒမရှိဘူးဆိုတာ ရှင်းနေပါတယ်။ ဒါကြောင့်မို့လို့ပဲ စစ်ကောင်စီရဲ့ ခြွင်းချက်မရှိ လက်နက်ချဖို့ကို ဆိုလိုတဲ့ “ဥပဒေဘောင်အတွင်း ဝင်ရောက်ဖို့” ဆိုတဲ့ စကားကို တော်လှန်ရေးအဖွဲ့တွေက လုံးဝ လက်မခံကြတာပါ။
ဒါပေမဲ့ ဒါဟာ ဆွေးနွေးပွဲဆိုတဲ့ အယူအဆကို လုံးဝ စွန့်ပစ်လိုက်ရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။
မြန်မာ့တော်လှန်ရေးအဖွဲ့တွေသာ ကွပ်ကဲမှုစနစ် တခုတည်းအောက်မှာ စုစည်းနိုင်မယ်ဆိုရင် နိုင်ငံရဲ့ နေရာအများစုကနေ စစ်တပ်ကို မောင်းထုတ်နိုင်တဲ့အင်အား ရှိတယ်လို့ လေ့လာသူ အများအပြားက မှတ်ချက်ပြုကြပါတယ်။ တချိန်တည်းမှာပဲ တော်လှန်ရေးအဖွဲ့တွေဟာ သူတို့အချင်းချင်းကြားမှာ ဆွေးနွေးမှုတွေ၊ စုပေါင်းတောင်းဆိုမှုတွေကို ဆက်လုပ်နေကြပါတယ်။ ဒီကြိုးပမ်းမှုတွေကို အာဆီယံ အဖွဲ့ဝင်တချို့က တိတ်တဆိတ် ထောက်ခံကူညီနေကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံအနေနဲ့ သူ့ရဲ့ စီးပွားရေးအင်အားနဲ့ ဒေသတွင်း သြဇာလွှမ်းမိုးမှုကို အသုံးချပြီး အာဆီယံရဲ့ အဲဒီလို တိတ်တဆိတ် ထောက်ခံမှုတွေကို ပိုပြီး ပွင့်ပွင့်လင်းလင်းဖြစ်အောင် မြှင့်တင်ပေးနိုင်ပါတယ်။ ပြီးတော့ အရေးပေါ် လိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေကို စစ်ကောင်စီက ခွင့်ပြုတဲ့ လမ်းကြောင်းတွေကနေသာ မကဘဲ ရနိုင်သမျှ လမ်းကြောင်းစုံကနေ ထိခိုက်ခံစားရသူတွေဆီ ရောက်အောင် သေချာလုပ်ဆောင်ပေးနိုင်ပါတယ်။
ဂျိုးဟီဗာ
Ref: The Jakarta Post/ Asian News











