
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ဒါးကချောင်း ရေဝင်ရောက်မှုကြောင့် နေအိမ်အများအပြား ရေဝင်နစ်မြုပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
သြဂုတ် ၁၀ ရက်ကစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းတာ၊ လေးမျက်နှာမြို့နယ်ဘက်က ရေဝင် ရောက်လာတာနဲ့ ဒါးကချောင်းရေ မြင့်တက်ကာ ရေကြီးရေလျှံလာတာကြောင့် ကျုံပျော်မြို့နယ်၊ သံလျက်စွန်းကျေးရွာ အုပ်စုထဲက နေအိမ် ၃၀၀ ကျော် ရေဝင်နစ်မြုပ်နေတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ဒါးကချောင်းရေမြင့်တက်နေတာ၊ ၁၀ ရက်နေ့လောက်ကတည်းက ရေ စတက်လာတာ။ မိုးကမပြတ်တော့ ပိုဆိုးတယ်။ ရေက ကျကိုမကျတာ။ အိမ်တွေကော၊ သီးနှံတွေ ကော အကုန်ရေနစ်မြုပ်နေတာ” လို့ ပြောပါတယ်။
ရေကြီးရေလျှံမှုကြောင့် ကျုံပျော်မြို့နယ်ထဲက အိုင်ဒေါင့်၊ သင်္ဃန်းချောင်း၊ သံလျက်စွန်း စတဲ့ ကျေးရွာတွေက နေအိမ် ၃၀၀ ကျော် ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပေးသူတယောက်က “လက်ရှိ နေအိမ်မြုပ်ကုန်တဲ့ဒေသက ပြည်သူတွေကို ယာယီရေဘေးရှောင်ဖို့ ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့နေရာချ ထားပါတယ်။ ဒီဘက်မှာက အခုမှ ရေက ပြန်တက်လာတာ။ မိုးပြတ်ရင်တော့ ရေပြန်ကျမယ် ထင်တယ်” လို့ ပြောပါတယ်။
ရေဝင်ရောက်နေတဲ့ နေအိမ်တွေက ဒေသခံတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ပရဟိတအဖွဲ့တွေ၊ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကျုံပျော်မြို့နယ် မိုးလုံလေလုံအားကစားခန်းမ (ယာယီ) ရေဘေး ကယ်ဆယ်ရေးစခန်းကို ပြောင်းရွှေ့ပေးထားတယ်လို့ သိရပါတယ်။
လတ်တလော ဒေသခံတွေရဲ့နေအိမ်တွေ ရေဝင်နစ်မြုပ်နေတဲ့အပြင် စိုက်ပျိုးထားတဲ့ မိုးစပါး၊ ပီလောပီနံ၊ ငှက်ပျော၊ နနွင်း၊ စားကြံ၊ ပြောင်းဖူးနဲ့ ပိန်းဥစိုက်ခင်း ဧကထောင်ချီပါ ရေဝင် နစ်မြုပ် နေတယ်လို့ သိရပါတယ်။











