DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ငလျင်ကြောင့် စောင်းသွားသည့် အထပ်မြင့်အဆောက်အအုံများကို စနစ်တကျ စစ်ဆေးသင့် 
DVB
·
May 21, 2026
Photo : DVB
Photo : DVB
Donate to DVB

ရန်ကုန်မြို့မှာ မေ ၁၈ ရက်က အင်အား ၅ ဒသမ ၂ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တဲ့အတွက် မြို့ထဲ ဧရိယာထဲက အဆောက်အအုံတချို့ တိမ်းစောင်းသွားခဲ့ပါတယ်။

ဒါကြောင့် ဒီလိုတိုက်တွေမှာ နေထိုင်သူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ အင်ဂျင်နီယာတွေနဲ့ ငလျင်ပညာရှင်တွေက သတိပေးထားကြပါတယ်။

မေ ၁၈ ရက် မနက် ၈ နာရီခွဲဝန်းကျင်က ရန်ကုန်မြို့နဲ့ ၁၇ မိုင်ဝန်းကျင်ကို ဗဟိုပြုပြီး အင်အား ၅ ဒသမ ၂ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ ငလျင်ပညာရှင်တွေက ဆိုပါတယ်။

အဲဒီငလျင်ကြောင့် ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော်တဝိုက်က အထပ်မြင့်တိုက်တချို့ စောင်းသွားတာ ရှိတယ်လို့ ဒေသခံတွေက ဆိုရှယ်မီဒီယာမှာ ရေးသားနေကြပါတယ်။

ငလျင်ဒဏ်ခံခဲ့ရတဲ့ ရန်ကုန်မြို့က အထပ်မြင့်တိုက်မှာနေတဲ့ မြို့ခံတယောက်က “အရာဝတ္ထုတွေ ဘာတွေက လှုပ်ခါတဲ့အတွက် ငလျင်လှုပ်တယ်ဆိုပြီး အော်ကြတော့ ကိုယ်လည်း စိုးရိမ်သွားတာ ပေါ့၊ ကြောက်လည်းကြောက်တယ်၊ ဆင်းပြေးရတာပေါ့၊ အစတည်းက ဒူးကလည်း မကောင်းပါဘူး ဆိုမှ။ ငလျင်လှုပ်တယ်ဆိုတာက ကူလို့ ကယ်လို့ မရတဲ့ ကိစ္စကြီးဆိုတော့ စိတ်ကတော့ ပူရတာပေါ့။ တကယ်ပါ၊ မြေကြီးထဲမှာပဲ သွားပြီးတော့ နေတော့မလို့ စဉ်းစားနေတယ်။ အဲဒီ ဆင်းပြေးရမဲ့ ကိစ္စကြီးကို ကြောက်နေတာ။ ပထမထပ်တောင် ဒီလောက်စိုးရိမ်နေတာ၊ ကိုယ့်ထက်မြင့်တဲ့သူဆို ကိုယ့်ထက်စိုးရိမ်မှာပေါ့” လို့ ပြောပါတယ်။

အဆောက်အအုံတွေ ဒီလို တိမ်းစောင်းသွားတာဟာ တည်ဆောက်တဲ့နေရာမှာ မြေကြီးစမ်းသပ်တဲ့ အခြေအနေ၊ မြေသားခံနိုင်ရည်၊ အဆောက်အအုံဒီဇိုင်း၊ အဆောက်အအုံမှာ အသုံးပြုတဲ့ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်သားတွေရဲ့ အရည်အသွေးပြည့်မီမှုကို ထိန်းကျောင်းတဲ့စနစ် မရှိတာကြောင့် ဖြစ်တယ်လို့ အင်ဂျင်နီယာတယောက်က သုံးသပ်ပါတယ်။

“ထိန်းကျောင်းမဲ့စနစ် မရှိတာပေါ့၊ အဲဒီထက် အရေးကြီးတာက quality ပြည့်မီသည်ဖြစ်စေ၊ မပြည့်မီဘူးဖြစ်စေ ဆောက်ခွင့်ပေးကြတာ အဆိုးဆုံးပေါ့နော်။ quality မီတဲ့ အဆောက်အအုံတွေပဲ ဆောက်သင့်တာပေါ့။ အဲတော့ ပါမစ်ပေးတဲ့သူက အဓိကပေါ့နော်၊ quality မမီတဲ့ အဆောက်အအုံ ကြီးကို ပေးဆောက်လိုက်တော့ အခုလိုပေါ့၊ ငလျင်လှုပ်သည်ဖြစ်စေ မလှုပ်သည် ဖြစ်စေ၊ တချို့တိုက်တွေဆိုရင် မလှုပ်ဘဲနဲ့ကို စောင်းသွားတဲ့တိုက်တွေ ရှိတယ်။ ရန်ကုန်မှာ အများကြီးပါပဲ။”

ဒါ့အပြင် တိမ်းစောင်းသွားတဲ့ အဆောက်အအုံတွေကိုလည်း သေချာစစ်ဆေးပြီး ပြင်ဆင်လို့ရတာကို သေချာပြင်ဆင်တာနဲ့ ပြင်ဆင်လို့မရတော့တာတွေကို ဖြိုချသင့်တယ်လို့လည်း သူက အကြံပေး ပါတယ်။

ငလျင်ကြောင့် စောင်းသွားတဲ့ အထပ်မြင့် အဆောက်အအုံတွေကို စစ်ဆေးနေတာ ရှိမရှိနဲ့ ဘယ်လို ကိုင်တွယ်ဆောင်ရွက်နေသလဲ ဆိုတာကို မေးမြန်းဖို့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကို DVB က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ရန်ကုန်မြို့ဟာ စစ်ကိုင်းပြတ်ရွေ့ရဲ့ ပဲခူးအစိတ်အပိုင်းနဲ့ ကီလိုမီတာ ၃၀ ဝန်းကျင်သာ ကွာဝေးသလို ရန်ကုန်မြို့ ဧရိယာထဲမှာလည်း ငလျင်ကြောငယ်၊ ရန်ကုန်မြို့တွင်းမှာလည်း ပြတ်ရွေ့ ၂ ခု ရှိနေတယ် လို့ ငလျင်ပညာရှင်တွေက ပြောကြပါတယ်။

၁၉၃၀ ပြည့်နှစ်တုန်းက လှုပ်ခတ်ခဲ့တဲ့ ပဲခူးငလျင်ကြီး လှုပ်ခတ်ခဲ့တာလည်း နှစ် ၁၀၀ ပြည့်တော့မှာ ဖြစ်တဲ့အတွက် နောက်ထပ် ငလျင်ကြီးတခု ထပ်လာနိုင်ဖို့ အခြေအနေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် အထပ်မြင့်အဆောက်အအုံတွေ၊ တိုက်ခန်းတွေမှာ နေထိုင်တဲ့သူတွေအနေနဲ့ သတိထား နေထိုင်ကြဖို့လိုသလို ငလျင်မတိုင်ခင် ကိုယ်ထူကိုယ်ထ ဇာတ်တိုက်လေ့ကျင့်ပြီး ပြင်ဆင်ထားဖို့ လိုတယ်လို့ ငလျင်ပညာရှင် ဒေါက်တာမျိုးသန့်က အကြံပေးပါတယ်။

“တိုက်ခန်းတွေမှာ နေထိုင်သူတွေကလည်း ငလျင်မလှုပ်ခင် ဘာတွေပြင်ဆင်မလဲဆိုတာ လုပ်ထားဖို့ လိုတယ်။ ဇာတ်တိုက်လေ့ကျင့်မှုတွေ လုပ်ကောင်းလည်း လုပ်ရလိမ့်မယ်။ ငလျင်မလှုပ်ခင် ဘာတွေ ဆောင်ရွက်ရမလဲ၊ ငလျင်လှုပ်ပြီးရင် ဘာတွေလုပ်ရမလဲဆိုတာကို ပြည်သူလူထုအနေနဲ့ ကိုယ့်ဘာ ကိုယ်ပဲ ဆောင်ရွက်ကြရမဲ့သဘော ရှိတယ်။ စကစကရော အုပ်ချုပ်ရေးယန္တရားကို ဆောင်ရွက်နေသူ တွေကလည်း သဘာဝဘေးနဲ့ ပတ်သက်ပြီး ဦးစားပေး ဆောင်ရွက်လိမ့်မယ် မထင်ဘူး။”

၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က မန္တလေးမြို့ အနီးကို ဗဟိုပြုပြီး အင်အား ၇ ဒသမ ၈ အဆင့်ရှိတဲ့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့အတွက် ငလျင်ဒဏ်သင့်ခဲ့တဲ့ ဒေသတွေက လူပေါင်း ၄,၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

မန္တလေးမြို့မှာ ငလျင်ကြောင့် လူသေဆုံးမှုများခဲ့တာဟာ အဆောက်အအုံတွေရဲ့ ခိုင်ခံ့မှု အားနည်းချက်တွေနဲ့ ဆောက်လုပ်ခဲ့စဉ်က အဆောက်အအုံအခြေအနေ၊ တည်ဆောက်တဲ့ မြေအနေအထားကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက သေချာမစစ်ဆေးဘဲ ဆောက်လုပ်ခွင့် ပါမစ်တွေ အလွယ်တကူ ချပေးခဲ့တဲ့အတွက် ဖြစ်တယ်လို့ အင်ဂျင်နီယာတွေက ထောက်ပြ ကြပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013