
ထိုင်းနိုင်ငံမှာ ရာဇဝတ်မှုကျူးလွန်သူ တရုတ်နိုင်ငံသားတချို့က မသမာတဲ့နည်းနဲ့ ရလာတဲ့ ပန်းရောင် တောင်ပေါ်သားကတ် ကိုင်ဆောင်ကြောင်း စစ်ဆေးတွေ့ရှိတဲ့နောက် ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ရှိ ပန်းရောင်တောင်ပေါ်သားကတ်တွေရဲ့ အချက်အလက်တွေကို ၁၀ နှစ်တာ နောက်ကြောင်းပြန် ပြန်လည်စစ်ဆေးဖို့ ခရိုင်ဝန်က ညွှန်ကြားလိုက်ပါတယ်။
အမျိုးသားလုံခြုံရေးနဲ့ ဝန်ထမ်းတွေ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ခရိုင်တွင်းရှိ မြို့နယ်အုပ်ချုပ်ရေးရုံး မှတ်ပုံတင်ဌာန အသီးသီးအနေနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကစ ထုတ်ပေးခဲ့တဲ့ မှတ်ပုံတင် အထောက်အထားဆိုင်ရာ အချက်အလက်တွေကို နက်ရှိုင်းစွာ ပြန်လည်စစ်ဆေးဖို့ ချင်းမိုင်ခရိုင်ဝန် နိုင်းနာ့သ်ဖုန်း နရာဒီးဆွန်က မနေ့ မေ ၁၄ ရက် ခရိုင်အုပ်ချုပ်ရေးရုံးဌာနဆိုင်ရာ အစည်းအဝေးမှာ ညွှန်ကြားလိုက်တာပါ။
အဆိုပါအစည်းအဝေးမှာ အမျိုးသားလုံခြုံရေးကောင်စီ၊ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ ဌာနဆိုင်ရာက တာဝန်ရှိသူတွေ တက်ရောက်ပြီး ချင်းမိုင်ခရိုင် လုံခြုံရေးကို ထိပါးစေမဲ့ကိစ္စ၊ နယ်မြေ တည်ငြိမ် အေးချမ်းရေး ကိစ္စရပ်တွေ ဆွေးနွေးပြီး ထိုင်းနိုင်ငံသား မဟုတ်သူတွေကို အထောက်အထား (ပန်းရောင်ကတ်) ထုတ်ပေးခြင်းကိုပါ ပြန်လည်စိစစ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အထူးသဖြင့် အိမ်ထောင်စုစာရင်း အဝင်အထွက် မကြာခဏ ပြောင်းရွှေ့နေတာ၊ အိမ်ထောင်စု ဇယားထဲမှာ မိသားစုဝင် ၁၀ ယောက်ထက် ပိုများနေတာတွေ၊ သံသယရှိတဲ့ ပန်းရောင် မှတ်ပုံတင်ကတ်ပြားရဲ့ အချက်အလက်တွေကို ၁၀ နှစ် နောက်ပြန် ပြန်လည်စစ်ဆေးရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံခြားသားနဲ့ လက်ထပ်ထားသူတွေရဲ့ အချက်အလက်တွေပါ ပြန်လည်စစ်ဆေးဖို့လည်း ညွှန်ကြားပါတယ်။
နက်ရှိုင်းစွာ စစ်ဆေးတွေ့ရှိတဲ့ အချက်အလက်တွေကနေ တခြားသော ကူးသန်းရောင်းဝယ်ရေးဌာန၊ မြေယာဌာန၊ ရဲတပ်ဖွဲ့၊ စစ်တပ် အစရှိတဲ့ ဌာနက အလိုရှိတဲ့ မသင်္ကာဘွယ်ရာ ငွေကြေး လည်ပတ် စီးဆင်းမှုတွေ၊ အခွန်ဆောင်တာတွေ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ အမှုအခင်းအတွက် အကျိုးရှိစေမဲ့ အချက်အလက်တွေကို ချိတ်ဆက်ဖြန့်ဝေပေးနိုင်မှာ ဖြစ်တယ်လို့ ခရိုင်ဝန်က ပြောသွားပါတယ်။
Source: CM108 News/ Matichon










