
စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတတက်လုပ်တာနဲ့ ပတ်သက်ပြီး ဝမ်းသာဂုဏ်ပြုတယ်လို့ နိုင်ငံရေးပါတီတချို့က ဖော်ပြနေကြပေမဲ့ စစ်တပ် ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီကတော့ ဧပြီ ၅ ရက် ဒီနေ့အထိ တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
စစ်တပ်ကဦးစီးပြီးလုပ်ခဲ့တဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီဟာ စစ်တပ်က ကူးပြောင်းလာသူ အများအပြားနဲ့ ရွေးကောက်ပွဲဝင်ခဲ့ပြီး နေရာအများစုကို အနိုင်ယူခဲ့တာပါ။
စစ်ခေါင်းဆောင်ကို ပြည်ထောင်စုလွှတ်တော်ကနေ သမ္မတအဖြစ် ရွေးချယ်တဲ့အပေါ် ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ အပါအဝင် နိုင်ငံရေးပါတီတချို့က ဂုဏ်ပြုကြောင်း ဖော်ပြနေကြပေမဲ့ ကြံ့ခိုင်ရေးပါတီကတော့ ဘာမှ ထုတ်ပြန်တာ မရှိသေးတာပါ။
ကြံ့ခိုင်ရေးပါတီအနေနဲ့ ဥက္ကဋ္ဌ ဦးခင်ရီ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရတုန်းကတော့ ဂုဏ်ပြုဖော်ပြခဲ့ပါသေးတယ်။
သမ္မတလုပ်မဲ့ စစ်ခေါင်းဆောင်ဟာ ဧပြီ ၆ ရက်မှာလုပ်မဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တက်ရောက်ဖို့ရှိနေပြီး ဝန်ကြီးဌာန ဘယ်နှခု ဖွဲ့စည်းမယ်ဆိုတာနဲ့ ဘယ်သူတွေကို ဝန်ကြီးအဖြစ် ခန့်အပ်မယ်ဆိုတာတွေကို ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းမှာဖြစ်ပါတယ်။
Photo : USDP Yangon











