
စစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ ထိုင်းအစိုးရကို တိုက်တွန်းတောင်းဆိုတဲ့ ဆန္ဒပြပွဲတရပ်ကို ဒေသစံတော်ချိန် ဇူလိုင် ၃၁ ရက်က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ၊ ထိုင်းသံရုံးရှေ့မှာ မြန်မာ့အရေးဆောင်ရွက်သူတွေက ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြတာနဲ့အတူ ကမ္ဘာလုံးဆိုင်ရာ ပြည်ပရောက်မြန်မာအသိုက်အဝန်း The Global Myanmar Diaspora Community ရဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဆီလိပ်မူထားတဲ့ အိတ်ဖွင့်ပေးစာကိုလည်း ထိုင်းသံရုံးဆီကို ပေးပို့ခဲ့တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ တယောက်ဖြစ်တဲ့ ဦးရင်အေးက ပြောပါတယ်။
“စစ်အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ပြည်သူတွေကို လက်ခံပြီး အကူအညီပေးခဲ့တဲ့အတွက် ထိုင်းတော်ဝင်အစိုးရကို အထူးပဲကျေးဇူးတင်ပါတယ်။ ထိုင်းသံရုံးရှေ့မှာ လာရောက်ဆန္ဒပြတာကိုလည်း ကြိုက်နှစ်သက်မှုရှိမှာ မဟုတ်ဘူးဆိုတာ ကျနော်တို့ နားလည်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်နေတဲ့ စစ်ကောင်စီ ကို အသိအမှတ်ပြုဆက်ဆံတာမျိုး မဖြစ်စေချင်တဲ့အတွက် အခုလို ဆန္ဒလာပြရတာဖြစ်ပါတယ်။ ထိုင်းဝန်ကြီဲးချုပ်ဆီလိပ်မူထားတဲ့ အိတ်ဖွင့်ပေးစာကိုလည်း ကျနော်တို့ ပေးပို့ခဲ့ပါတယ်”
အိတ်ဖွင့်ပေးစာမှာ တိုက်တွန်းချက် ၄ ခုပါဝင်ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်ထောက်ခံဖို့၊ ဒေသတွင်းနိုင်ငံတွေ မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းဖို့၊ ကုလသမဂ္ဂနဲ့ ပိုပြီးအားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးပြုလုပ်ဖို့၊ မှန်ကန်တဲ့ နိုင်ငံရေးတိုးတက်မှုမရှိဘဲ စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်တဲ့လုပ်ဆောင်ချက်တွေကို ရှောင်ရှားဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။
တိုက်တွန်းချက်တွေနဲ့အတူ ဒေသတွင်းနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေကနေတဆင့် မြန်မာနိုင်ငံရဲ့အကျပ်အတည်းကို ရေရှည်တည်တံ့မဲ့ ငြိမ်းချမ်းရေးဆီဦးတည်တဲ့ မူဝါဒတွေ ဆက်လက် ဖော်ဆောင်ဖို့ တော်ဝင်ထိုင်းအစိုးရကို လေးစားစွာတိုက်တွန်းတယ်လို့ ဖော်ပြပါတယ်။










