
ဂျပန်နိုင်ငံ အထက်လွှတ်တော်အမတ် မိချိဟိရို အိရှိဘရှိဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာအမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် ပညာရေးနဲ့ လူမှုရေးကူညီစောင့်ရှောက်ပေးနေတဲ့ SAW ဖောင်ဒေးရှင်းကို ဩဂုတ် ၂၀ ရက်က လာရောက်ပြီး ကျောင်းသားတွေရဲ့ ပညာရေး မရပ်တန့်စေဖို့ ဆက်လက်ကူညီပံ့ပိုးပေးသွားမယ်လို့ ပြောပါတယ်။
ဂျပန်အထက်လွှတ်တော်အမတ်ဟာ SAW ဖောင်ဒေးရှင်းမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းမိသားစု တွေရဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ရင်းနှီးစွာတွေ့ဆုံပြီး လက်ရှိ ကြုံတွေ့နေရတဲ့ ပညာရေးနဲ့ နေ့စဉ်ဘဝဆိုင်ရာ အခက်အခဲတွေကို မေးမြန်းခဲ့ရာ၊ ကျောင်းသားတွေဘက်ကလည်း သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ပြန်လည်မျှဝေခဲ့ကြပါတယ်။
ဒါ့အပြင် SAW အဖွဲ့နဲ့ Burmese Relief Center Japan (BRCJ) တို့အကြား ပူးပေါင်း ဆောင်ရွက်နေတဲ့ ပညာရေးနဲ့ လူမှုအသိုက်အဝန်းဆိုင်ရာ လုပ်ငန်းစဉ်တွေကိုလည်း မိတ်ဆက် ရှင်းလင်းခဲ့ပါတယ်။
BRCJ ကို ၁၉၈၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး SAW ကျောင်းရှိ ကလေးတွေအတွက် ပညာသင်ဆုတွေ ပံ့ပိုးပေးတဲ့အပြင် ထိုင်း-မြန်မာနယ်စပ်ရှိ လူမှုအသိုက်အဝန်းအတွက် ရေလုံ အိမ်သာတွေ ဆောက်လုပ် လှူဒါန်းပေးခဲ့ပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ အထက်လွှတ်တော်အမတ် မိချိဟိရို အိရှိဗာရှိနဲ့အတူ JAMAHA အဖွဲ့မှ ကိုယ်စားလှယ်တွေလည်း လာရောက်ခဲ့ကြပါတယ်။
JAMAHA အဖွဲ့ဟာ SAW ကျောင်းသား၊ ကျောင်းသူတွေ ဂျပန်ဘာသာစကား လေ့လာနိုင်ဖို့ ဂျပန်ဘာသာသင်တန်း ဖွင့်လှစ်ပေးထားတဲ့အပြင် Mae Fah Luang တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ SAW ကျောင်းသားတယောက် အတွက်လည်း ပညာသင်ဆု ထောက်ပံ့ ပေးထားပါတယ်။
ဖိုးစီ











