DVB Logo
Home
နိုင်ငံတကာ
စစ်ပွဲအဆုံးသတ်ရေးမူ လက်ခံမလား၊ ဗုံးပိုကြဲရမလားဟု ထရမ့်ပ် ရာဇသံပေး
DVB
·
May 7, 2026
Photo: Screengrab/Social Media via REUTERS/Kylie Cooper
Photo: Screengrab/Social Media via REUTERS/Kylie Cooper
Donate to DVB

စစ်ပွဲအဆုံးသတ်ရေး ကမ်းလှမ်းချက်ကို လက်ခံမလား၊ ဒါမှမဟုတ် အရင်က မကြုံဖူးတဲ့ ပိုမြင့်မား ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ရင်ဆိုင်မလားလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်ကို ရာဇသံပေးလိုက်ပါတယ်။

အီရန်ဘက်ကသာ ကတိကဝတ်တွေကို အကောင်အထည်ဖော်ရင် ဖေဖော်ဝါရီလက စတင်ခဲ့တဲ့ Epic Fury စစ်ဆင်ရေးကို အဆုံးသတ်မှာဖြစ်တယ်လို့ ထရမ့်ပ်က ပြောပါတယ်။

ထရမ့်ပ်က “တကယ်လို့ သူတို့သာ သဘောမတူရင်တော့ ဗုံးကြဲတိုက်ခိုက်မှုတွေ စတင်မှာဖြစ်ပြီး ဝမ်းနည်းစရာကောင်းတာက အရင်ကထက် အများကြီး ပိုမြင့်မားပြင်းထန်တဲ့ အဆင့်မှာ ရှိနေပါလိမ့်မယ်” လို့ Truth Social မှာ ရေးပါတယ်။ 

အီရန်ရဲ့ အကြီးတန်းဆွေးနွေးညှိနှိုင်းသူ မိုဟာမက် ဘာဂါ ဂါလီဘက်ကတော့ ဝါရှင်တန်ဟာ သူတို့ကို လက်နက်ချဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေတယ်လို့ စွပ်စွဲပါတယ်။

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးကတော့ အခု အပစ်အခတ်ရပ်စဲရေးကို အမြဲတမ်း စစ်ပွဲရပ်စဲရေး ဖြစ်အောင် ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။  လာမဲ့ ၄၈ နာရီအတွင်းမှာ အီရန်ဘက်က အကြောင်းပြန်လိမ့်မယ်လို့ အမေရိကန်ဘက်က မျှော်လင့်နေတာပါ။ 

ထရမ့်ပ်ဟာ လာမဲ့သီတင်းပတ်မှာ တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိပြီး အဲဒီခရီးစဉ်မတိုင်ခင် ရလဒ်တခု ထွက်လာဖို့ လိုလားနေပါတယ်။ တရုတ်နိုင်ငံကတော့ အီရန်စစ်ပွဲမှာ အလုံးစုံအပစ်ရပ်ဖို့ မေလ ၄ ရက်နေ့က တောင်းဆိုထားပါတယ်။

အခုချိန်မှာတော့ ဟော်မုဇ်ရေလက်ကြားထဲမှာ သင်္ဘောအစင်းပေါင်း ၈၀၀ ကျော် ပိတ်မိနေဆဲ ဖြစ်ပါတယ်။ အီရန်အနေနဲ့ သူတို့ရဲ့ သန့်စင်ပြီး ယူရေနီယံတွေကို အမေရိကန်ဆီ ပို့ပေးရမယ်ဆိုတဲ့ အချက်ကို ထရမ့်ပ်က အခိုင်အမာ တောင်းဆိုနေပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ဟာ ဟော်မုဇ်ရေလက်ကြားနဲ့ တီဟီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး ရှေ့မတိုးနောက်မဆုတ်ဖြစ်နေမှုကို အဆုံးသတ်ဖို့ သဘောတူညီချက်တခု ရှာဖွေနေချိန်မှာပဲ အီရန်နဲ့ စစ်ပွဲဟာ  လာမဲ့သီတင်းပတ်အတွင်း မြန်မြန်ဆန်ဆန်ပဲ ပြီးဆုံးသွားတော့မယ်လို့ မေလ ၆ ရက်မှာခန့်မှန်းပြောဆိုလိုက်ပါတယ်။ 

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဆွေးနွေးမှုတွေဟာ အလွန်ကောင်းမွန်ခဲ့တယ်လို့လည်း  ပြောဆိုခဲ့ပြီး အီရန်ဘက်ကလည်း သဘောတူညီချက်ရဖို့ လိုလားနေပေမဲ့ သဘောတူညီမှု မရရင်တော့ ပြာပုံဖြစ်အောင် ပြန်ဗုံးကြဲရုံပဲ”လို့ ထရမ့်ပ်က အမေရိကန်သတင်းဌာန PBS News နဲ့ ဖုန်းအင်တာဗျူးမှာ ပြောခဲ့ပါတယ်။

နှစ်ဖက်ညှိနှိုင်းနေတဲ့ “တမျက်နှာစာ နားလည်မှုစာချွန်လွှာ” ထဲမှာ အီရန်ရဲ့ အဆင့်မြင့် သန့်စင်ထားတဲ့ ယူရေနီယံတွေကို အမေရိကန်ဆီ တင်ပို့ဖို့၊ အီရန်ရဲ့ မြေအောက်နျူကလီးယား စက်ရုံတွေကို ဆက်လက်လည်ပတ်ခြင်း မပြုဖို့နဲ့ အမေရိကန်ရဲ့ အဓိကတောင်းဆိုချက်ဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့နဲ့ နျူကလီးယား အစီအစဉ်ကို ရပ်တန့်ဖို့တွေ ပါဝင်နိုင်တယ်လို့ PBS News မှာ ဖော်ပြပါတယ်။ 

အီရန်အနေနဲ့ အမေရိကန်ရဲ့ အဆိုပြုချက်ကို ပြန်လည်သုံးသပ်နေဆဲဖြစ်ပြီး သုံးသပ်ချက်တွေ ပြီးစီးတဲ့အခါ ပါကစ္စတန်ကို တုံ့ပြန်ချက်ပေးပို့သွားမှာဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါဟီက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တယ်လို့ အီရန်ရဲ့ ISNA သတင်းဌာနက ဖော်ပြပါတယ်။

ဆွေးနွေးပွဲတွေမှာ ကြားဝင်စေ့စပ်ပေးနေတဲ့ ပါကစ္စတန်ဘက်ကို အီရန်ရဲ့ အမြင်တွေကို မမျှဝေခင်မှာ အဆိုပြုချက်အပေါ် သူတို့ရဲ့ သဘောထားတွေကို အနှစ်ချုပ်စုစည်းနေတယ်လို့ ဘာဂါဟီက ပြောကြောင်း ISNA က ဆိုပါတယ်။

အမေရိကန်မီဒီယာတွေ ဖော်ပြသလို “သဘောတူညီချက်ရဖို့ အနီးစပ်ဆုံးဖြစ်နေပြီ” ဆိုတာဟာ မမှန်ကန်သေးကြောင်း အီရန်နိုင်ငံခြားရေးဌာနက ငြင်းဆိုထားပါတယ်။ 

အမေရိကန်ဘက်ကတော့ နောက်ထပ် ၄၈ နာရီအတွင်း အီရန်ရဲ့ တုံ့ပြန်ချက်ကို ရရှိပြီး သဘောတူညီမှု လက်မှတ်ထိုးနိုင်ဖို့ မျှော်လင့်နေတယ်လို့ အမေရိကန်သတင်းဌာန Axios က ဖော်ပြပါတယ်။ 

ဒါဟာ စစ်ပွဲစတင်ကတည်းက ကြည့်ရင် နှစ်ဖက်စလုံး သဘောတူညီချက်ရဖို့ အနီးစပ်ဆုံး အခြေအနေ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

ဒီစစ်ပွဲဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အီရန် အဓိပတိခေါင်းဆောင် ခါမေနီ သေဆုံးခဲ့ရာကနေ စတင်ခဲ့တာပါ။

အဲဒီနောက် အီရန်က ဒုံးကျည်တွေနဲ့ ပြန်တိုက်သလို ရေလက်ကြားကို ပိတ်ဆို့ခဲ့ပါတယ်။ ဧပြီ ၈ ရက်မှာ အပစ်ရပ်ခဲ့ပေမဲ့ ဆွေးနွေးပွဲတွေ ပျက်ပြားခဲ့လို့ အမေရိကန်က ရေလမ်းကြောင်းကို ပိတ်ဆို့ထားတဲ့အထိ အခြေအနေ တင်းမာခဲ့တာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013