အမေရိကန်နဲ့ အီရန်တို့ကြား စစ်ရေးတင်းမာမှုတွေ အမြင့်ဆုံးကို ရောက်ရှိနေပြီး ဇူလိုင် ၂၀ ရက်မှာ အမေရိကန်က အီရန်ကို လေကြောင်းကနေ တိုက်ခိုက်မှုတွေဆက်လုပ်ခဲ့ပါတယ်။
အီရန်ဘက်ကလည်း ဆီးရီးယား၊ ဂျော်ဒန်နဲ့ ကူဝိတ်နိုင်ငံတွေမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို လက်တုံ့ပြန် ပစ်မှတ်ထားခဲ့ပါတယ်။
ဒီလို အမေရိကန်ရဲ့ ရန်စကျူးကျော်မှုတွေ ဆက်ရှိနေရင် ဟော်မုဇ်ရေလက်ကြားကနေ ရေနံတစက်တောင် ဖြတ်သန်းခွင့်ပြုမှာ မဟုတ်ဘူးလို့ အီရန် တော်လှန်ရေးအစောင့်တပ်က ကြွေးကြော်လိုက်ပါတယ်။
“ဒီရေလမ်းကြောင်းဟာ ဓာတုဗေဒထုတ်ကုန်တွေ မပြောနဲ့၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တစက်တောင် ဖြတ်သန်းဖို့ လုံခြုံမှာ မဟုတ်ဘူး” လို့ အီရန်က ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။
အမေရိကန် တိုက်တွန်းချက်နဲ့ ဒီရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားတဲ့ ရေနံတင်သင်္ဘော ၂ စင်း ပေါက်ကွဲပျက်စီးခဲ့တယ်လို့လည်း အီရန်က ဆိုပါတယ်။
တချိန်တည်းမှာပဲ အီရတ်မြောက်ပိုင်းမှာ အမေရိကန်စစ်သည်တယောက် ထပ်မံကျဆုံးခဲ့တာကြောင့် စစ်ပွဲစတင်ကတည်းက သေဆုံးတဲ့ အမေရိကန်စစ်သည် စုစုပေါင်း ၁၇ ယောက် ရှိလာခဲ့ပါပြီ။
အခုလို အီရန်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်တာဟာ ကျဆုံးသွားတဲ့ မျိုးချစ်သူရဲကောင်းတွေအတွက် ဂုဏ်ပြုတာလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
အမေရိကန်ဟာ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားပြီး ကုန်သွယ်ရေးသင်္ဘောတွေ လုံလုံခြုံခြုံ သွားလာနိုင်ဖို့ အီရန်ရဲ့ စစ်ရေးစွမ်းရည်ကို ချိုးနှိမ်နေတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အမေရိကန်က ဆက်လက်တိုက်ခိုက်နေရင် မမေ့နိုင်စရာ သင်ခန်းစာတွေ ပေးသွားမယ်လို့ အီရန်အဓိပတိ မို့ဂျ်တာဘာ ခါမေနီက တုံ့ပြန်ထားပါတယ်။
အီရန်သာ အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ရင် အင်အားအပြည့်နဲ့ တိုက်ခိုက်သွားမယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်ကလည်း သတိပေးထားပါတယ်။
ဒီလို အရှေ့အလယ်ပိုင်းက အပြန်အလှန် ပဋိပက္ခတွေကြောင့် ဇူလိုင် ၂၀ ရက်မှာ ကမ္ဘာ့ရေနံစိမ်း မှတ်ကျောက်စျေးနှုန်းဖြစ်တဲ့ ဘရန့်ရေနံစိမ်းစျေးဟာ အမေရိကန်ဒေါ်လာ ၉၀ ကျော်အထိ မြင့်တက်လာခဲ့ပါတယ်။











