
နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ကျန်းမာနေကြောင်း သက်သေပြဖို့ စစ်အာဏာရှင်ကို တောင်းဆိုတဲ့ “Proof of Life” လှုပ်ရှားမှုကို သူ့ရဲ့သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ဦးဆောင် စတင်ပြုလုပ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အငယ်ဆုံးသား ကင်မ်အဲရစ်က အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ သူ့မိခင်နဲ့ ပတ်သက်ပြီး “အသက်ရှင်လျက်ရှိကြောင်း အထောက်အထား” ပြသပေးဖို့ ဧပြီ ၂၀ ရက်မှာ နေပြည်တော်ရှိ စစ်အာဏာရှင်ထံ အရေးပေါ် တောင်းဆိုလိုက်တာပါ။
ကင်မ်က “သားတယောက် အနေနဲ့ ရိုးရှင်းတဲ့ အရာတခုကိုပဲ တောင်းဆိုပါတယ်။ မေမေ အသက်ရှင် နေသေးတယ်ဆိုရင် သက်ရှိထင်ရှားရှိကြောင်း အထောက်အထားပြပါ” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ တောင်းဆိုထားပါတယ်။
သူအလိုချင်ဆုံးကတော့ သူ့မိခင် အသက်ရှင်နေသေးတယ်ဆိုတဲ့ အထောက်အထား တခုခုပါပဲလို့ ကိုထိန်လင်းက ဧပြီ ၂၀ ရက်နေ့ DVB နဲ့ သီးသန့် အင်တာဗျူးရာမှာလည်း ပြောကြားခဲ့ပါတယ်။
"ကမ္ဘာကြီးကတော့ မေမေ့ကို အခုထိ နေအိမ်အကျယ်ချုပ်နဲ့ ရှိနေတယ်လို့ ထင်နေကြတာ။ တကယ်တော့ မေမေဟာ ဒီအချိန်တွေအကုန်လုံးကို အကျဉ်းထောင်ထဲမှာပဲ ကုန်ဆုံးခဲ့ရတာပါ။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်စေရန် သေသေချာချာ တောင်းဆိုပေးခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံကို ကျေးဇူးတင်တယ်လို့လည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနရဲ့ မကြာသေးခင်က ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးလည်း ကင်မ်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးထားပါတယ်။
“တခြားသူတွေ ဘာမှမပြောတဲ့အချိန်မှာ ဒီလို အသံထွက်လာတာဟာ အင်မတန် အရေးကြီးပါတယ်။ မြန်မာပြည်သူတွေကို မမေ့ကြောင်း ပြသပေးတဲ့ အသံတခုပါ။ တခြားအစိုးရတွေလည်း ဒီလို ရပ်တည်ချက်နဲ့ ဆက်လက်လုပ်ဆောင်ပေးမယ်လို့ မျှော်လင့်ပါတယ်။ မပြောဘဲနေရင် နာကျင်မှုတွေ ပိုမိုကြာရှည်သွားမယ်။ မြန်မာပြည်သူတွေအတွက် ကမ္ဘာကြီးက အတူရပ်တည်ပေးဖို့ လိုအပ်နေပါတယ်။ မမြင်သလို မနေကြပါနဲ့” လို့ ကမ်င်က ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရကတည်းက ကင်မ်ဟာ သူ့မိခင်နဲ့ တိုက်ရိုက်ဆက်သွယ်ခွင့် လုံးဝမရရှိခဲ့သလို လက်ရှိအချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ရှေ့နေနဲ့ရော ပြင်ပကလူတွေနဲ့ပါ လုံးဝ အဆက်အသွယ် ဖြတ်ခံထားရပြီး သတင်းအစအန ပျောက်နေတဲ့အတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာပါ။
ဒီတောင်းဆိုလှုပ်ရှားမှုဟာ မြန်မာနှစ်သစ်ကူးနေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို တောင်ငူ အကျဉ်းထောင်ကနေ လွှတ်ပေးပြီး နေပြည်တော်က နေအိမ်တနေရာကို ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီး ၃ ရက်အကြာမှာ ထွက်ပေါ်လာတာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ပြစ်ဒဏ် လျှော့ပေးပြီး အကျဉ်းထောင်ကနေ နေအိမ် အကျယ်ချုပ် ပြောင်းရွှေ့လိုက်ပြီဆိုတဲ့ ကောလာဟလတွေကတော့ လက်တွေ့ ဖြစ်မလာသေးပါဘူး။
မြန်မာနှစ်ဆန်း ၁ ရက် ဧပြီ ၁၇ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဒဏ် ၂၇ နှစ်ထဲက ၆ ပုံ ၁ ပုံကို လျှော့ပေါ့ပေးတယ် ဆိုတာဟာ အဓိပ္ပာယ်မရှိဘူးလို့ ကင်မ်အဲရစ်က ပယ်ချလိုက်ပါတယ်။
"ဒီပြစ်ဒဏ်အတိုင်းဆိုရင် အမေ ထောင်ကလွတ်တဲ့အချိန်မှာ အသက် ၁၀၀ ကျော်နေပြီ" လို့ သူက ထောက်ပြပါတယ်။
တကယ်လို့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ခဲ့ရင်တောင် ရန်ကုန်က တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ပြန်ခွင့်ပေးမှာမဟုတ်ဘဲ နေပြည်တော်မှာပဲ ထိန်းသိမ်းထားလိမ့်မယ်လို့ သူက ယူဆနေပါတယ်။
ဒါဟာ လူထုနဲ့ အဆက်အသွယ်ဖြတ်ဖို့တင် မကဘဲ လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို "နိုင်ငံရေးအရ အပေးအယူလုပ်ဖို့ ဓားစာခံ" အဖြစ် အသုံးချဖို့ ဖြစ်နိုင်တယ်လို့ သူက ရှုမြင်ပါတယ်။
ကင်မ်အဲရစ်ဟာ ၂၀၂၁ စစ်တပ် အာဏာမသိမ်းခင်ကတည်းက သူ့မိခင်နဲ့ စကားမပြောရတာ ၅ နှစ်နီးပါး ရှိနေပါပြီ။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ သူပို့လိုက်တဲ့ ထောင်ဝင်စာပစ္စည်းအတွက် ပြန်စာတစောင်ပဲ ရဖူးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို နောက်ဆုံးအတည်ပြုပေးနိုင်ခဲ့သူကတော့ ၂၀၂၂ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာတဲ့ စီးပွားရေးပညာရှင် ရှောင်တာနယ်လ်ဖြစ်ပြီး သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အကျဉ်းကျခဲ့သူပါ။
ကင်မ်က သူ့မိခင်မှာရှိနေတဲ့ နှလုံးရောဂါအခြေအနေနဲ့ ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်နေပါတယ်။
"နှလုံးရောဂါကို သေချာစစ်ဆေးဖို့ဆိုတာ စက်ကိရိယာ အပြည့်အစုံလိုပါတယ်။ မြန်မာပြည်က ထောင်ဆရာဝန်တွေဆီမှာ ဒါမျိုးတွေ မရှိနိုင်ဘူးဆိုတာ ကျနော်သိတယ်" လို့ ကင်မ်က ပြောပါတယ်။
ကင်မ်က စစ်အာဏာရှင် မင်းအောင်လှိုင်ကို တိုက်ရိုက်စိန်ခေါ်လိုက်ပြီး သူ့မိခင်ရဲ့ အခြေအနေကို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေကနေတဆင့် အတည်ပြုခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ဒါမှမဟုတ် ရန်ကုန်အခြေစိုက် နိုင်ငံခြားသံတမန် တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ အကြံပြုထားပါတယ်။
ကင်မ်အဲရစ်က "အမေသာ အသက်ရှင်ပြီး ကျန်းမာနေတယ်ဆိုရင် ကျနော့်ကို အမေနဲ့ စကားပြောခွင့်ပေးပါ" လို့ ပြောပါတယ်။
နိုင်ငံတကာအနေနဲ့ သူ့မိခင်ရဲ့ အခြေအနေအပေါ် အာရုံစိုက်မှု လျော့နည်းလာတာကိုလည်း ကင်မ်က ဝေဖန်လိုက်ပြီး အရင်စစ်အစိုးရလက်ထက် နေအိမ်အကျယ်ချုပ် ၁၅ နှစ်တုန်းကလို ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ တောင်းဆိုမှုတွေ အားနည်းနေတယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၅-၂၆ မှာ စစ်ကောင်စီက ကျင်းပခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲအတုကို အကြောင်းပြပြီး နိုင်ငံခြားအစိုးရတချို့က စစ်အာဏာရှင်နဲ့ ဆက်ဆံရေး ပုံမှန်ပြန်လုပ်ဖို့ ကြိုးစားလာမှာကိုလည်း သူက သတိပေးခဲ့ပါတယ်။
"သူတို့ (နိုင်ငံတကာ) နားလည်ထားဖို့က သူတို့ဟာ လူလိမ်တစုနဲ့ စီးပွားဖက်လုပ်နေတာဖြစ်ပြီး ကောင်းမွန်တဲ့ရလဒ် ထွက်လာမှာမဟုတ်ဘူး ဆိုတာပါပဲ" လို့ ကင်မ်က DVB ကို ပြောပါတယ်။
မြန်မာနှစ်ဆန်း ၁ ရက်နေ့ အကျဉ်းသား/သူ ၄,၃၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတယ်လို့ စစ်အာဏာရှင်က ကြေညာခဲ့ပေမဲ့ လွတ်မြောက်ခဲ့ပေမဲ့ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၉၀ ကျော်ပဲ ပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ကနေ သိရပါတယ်။










